မီးအားမြှင့်စက်အပူလွန်ကဲ

January 2, 2021

ဗန်းမော်မြို့တွင် မီးအားမြှင့်စက်အပူလွန်ကဲရာမှ နေအိမ်မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ မီးအားမြှင့်စက် အပူရှိန်လွန်ကဲရာမှ နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးပြီး တဖက်အိမ်ကို မီးကူးစက်ခဲ့မှု ဖြစ်ပွားခဲ့တယ်လို့ ခရိုင်မီးသတ်တပ်ဖွဲ့ဆီက သိရပါတယ်။ ဇန်နဝါရီ ၁ ရက် ညနေ ၅ နာရီ ၅ မိနစ်လောက်က ဗန်းမော်မြို့၊ သာစည်ရပ်ကွက်မှာ ဦးမျိုးရဲ့ နေအိမ်အပေါ်ထပ်မှာ တပ်ဆင်အသုံးပြုထားတဲ့ မီးအားမြှင့်စက် အပူချိန်လွန်ကဲပြီး အနီးရှိဝါးထရံကို မီးစတင်ကူးစက်လောင်ကျွမ်းခဲ့တာလို့ သိရပါတယ်။ ဗန်းမော်ခရိုင်မီးသတ်ဦးစီးဌာနက သန္ဓေနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင် အယောက် ၄၀၊ မီးသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၂ စီး၊ အရန်မီးသတ်ရေသယ်ယာဉ် ၅ စီးတို့နဲ့ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ပြီး ည ၆ နာရီ မိနစ် ၄၀ မှာ မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် သွပ်မိုး၊ ဝါးထရံကာ၊ ပျဉ်ခင်း ၂ ထပ်အိမ် ဆုံးရှုံးခဲ့ပြီး လူနဲ့တိရစ္ဆာန် ထိခိုက် သေဆုံးတာ မရှိဘူးလို့ သိရပါတယ်။ လျှပ်စစ်မီးအား ပေါ့ဆစွာအသုံးပြုတဲ့ နေအိမ်ပိုင်ရှင်အား ဥပဒေအရ အရေးယူပေးဖို့ ဒုရဲအုပ် ဇူးဇူးက တရားလိုပြုလုပ်တိုင်တန်းခဲ့တာကြောင့် ရဲစခန်းက (ပ)၂/၂၀၂၁၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၂၈၅‌ နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။ သတင်း - ဇော်လင်းအောင်(ဗန်းမော်)
10 months Ago
Up