မီးလျှံဥမင်တလျှောက် သက်စွန့်ဆံဖျား ကားမောင်းပြေးခဲ့ရသည့် ထိတ်လန့်ဖွယ်ရုပ်သံ ထွက်ပေါ်

A d v e r t i s e m e n t With Us

December 2, 2016

မီးလျှံဥမင်တလျှောက် သက်စွန့်ဆံဖျား ကားမောင်းပြေးခဲ့ရသည့် ထိတ်လန့်ဖွယ်ရုပ်သံ ထွက်ပေါ်

တောမီးလောင်နေချိန်မှာ အသက်ဘေးကနေ လွတ်မြောက်နိုင်ဖို့အတွက် အလျှံတညီးညီး တောက်လောင်နေတဲ့ မီးလျှံဥမင်တလျှောက် ကားတစီးနဲ့ ဖြတ်မောင်းပြေးခဲ့ရတဲ့ ရုပ်သံဗွီဒီယိုဖိုင် ထွက်ပေါ်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက် ညပိုင်းက အမေရိကန်နိုင်ငံ၊ တင်နက်ဆီပြည်နယ်၊ ဂက်တ်လင်းဘာ့ဂ်ျ အပန်းဖြေမြို့မှာ တောမီးလောင်ချိန် ဖြစ်ခဲ့တာလို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ကို လက်တွေ့ကြုံခဲ့ရတဲ့ မိုက်ကယ်လ် လူစီယာနိုက အဖော်တဦးနဲ့အတူ ဖြတ်သန်းခဲ့ချိန်မှာ ရိုက်ယူနိုင်ခဲ့ပြီး ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့တာပါ။ အဲဒီတောမီးလောင်မှုကြောင့် လူ ၃ ဦး သေဆုံးခဲ့ရပြီး သူဟာ အဖော်ဖြစ်သူနဲ့အတူ မီးတောက်မီးလျှံတွေထဲက လမ်းကြောင်းတလျှောက် ကားနဲ့ မောင်းပြေးခဲ့ရတာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်အစမှာ မိုက်ကယ်ဟာ သူ့အဖော်ဖြစ်သူကို သူတို့အနေနဲ့ အဆုံးသတ် သေခြင်းတရားနဲ့ ရင်ဆိုင်ရတော့မယ့်အကြောင်း ပြောနေခဲ့တာကို တွေ့ရပါတယ်။ အဲဒီနောက် သူတို့မောင်းနှင်သွားခဲ့ချိန်မှာ သစ်ပင်တွေလဲကျပြီး အလျှံတညီးညီးနဲ့ တောက်လောင်နေတဲ့ မီးလျှံတွေကြားမှာ ရှိနေခဲ့တာကို တွေ့ရမှာပါ။ သူဟာ ကင်မရာဘက်ကိုလှည့်ပြီး “ငါတို့ ပိတ်မိနေပြီ။ ဘေးမှာလည်း သစ်ပင်တွေလဲကျပြီး မီးတွေလောင်နေတယ်။ အကုန်လုံးပိတ်မိနေတယ်။ ငါတို့ မလွတ်နိုင်တော့ဘူး” လို့ အော်ဟစ်နေခဲ့ပါတယ်။ သူ့ရဲ့အသံမှာ စိုးရိမ်ထိတ်လန့်နေပြီး ကြောက်လန့်တကြား ဖြစ်နေခဲ့တာကို ကြားနေရပါတယ်။ ဒါပေမယ့် ကားဟာ ရှေ့ဆက်မောင်းနေခဲ့ရာက တနေရာမှာတော့ သစ်ပင်တပင်နောက်မှာ ပိတ်မိသွားခဲ့ပြီး ရပ်တန့်သွားခဲ့ကာ လွတ်မြောက်နိုင်ခဲ့ပါတယ်။ အဲဒီနောက်တော့ သူဟာ ဒီအဖြစ်အပျက် ရုပ်သံဗွီဒီယိုဖိုင်ကို “ငါတို့ အသက်ရှင်နိုင်ဖို့ မဖြစ်နိုင်တော့သလောက် အခြေအနေတခုမှာ ငါတို့လုပ်နိုင်ခဲ့ပြီ” လို့ ခေါင်းစဉ်တပ်ပြီး ပြန်လည်မျှဝေခဲ့တာပါ။ ဒီတောမီးလောင်မှုမှာ အိမ်တွေ ဒါဇင်နဲ့ချီကာ မီးလောင်ပျက်စီးခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
4 years Ago
Up