မီးရှို့ ဖျက်ဆီးခံရ

October 5, 2021

ထီးချိုင့်မြို့နယ်တွင် ဆီဘောက်ဆာကားတစ်စီး မီးရှို့ ဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ အင်ဒေါင်းရွာ လမ်းခွဲမှာ အောက်တိုဘာ ၄ ရက် ညပိုင်းက ဆီဘောက်ဆာ ကားတစီး မီးရှို့ ဖျက်ဆီးခံခဲ့ရပါတယ်။

ထီးချိုင့်မြို့နယ်အတွင်း နေထိုင်တဲ့ ပြည်သူတွေအနေနဲ့ ည ၈ နာရီနောက်ပိုင်း အပြင်မထွက်ဘဲ နေထိုင်ကြဖို့ ‌ကြေညာထားပြီး အချိန်လွန်မှ  မောင်းနှင်လာတာကို တားဆီးရာမှ  ရပ်မပေးတဲ့ အတွက် ဖောက်ခွဲသတိပေးခဲ့ကြောင်း ထီးချိုင့် PDF က ထုတ်ပြန်ပါတယ်။

ဒေသခံတစ်ဦးက “ညဘက်လည်း အဲဒီလမ်းကို အသုံးမပြုဖို့ ကြေညာထားပြီးသား။ အချိန်လွန်မှ မောင်းလာလို့ ကားကို တားတယ်။ ရပ်မပေးတဲ့အတွက် မကျီးလျိုတံတားနားမှာ ဖောက်ခွဲခံရတယ်” လို့ ပြောပါတယ်။

စက်တင်ဘာ ၂၄ ရက်နေ့ကစပြီး ထီးချိုင့်မြို့နယ်အတွင်း နေထိုင်တဲ့ ပြည်သူတွေအနေနဲ့ ည ၈ နာရီနောက်ပိုင်း အပြင်မထွက်ဘဲ နေထိုင်ကြဖို့၊ မန္တလေး-ဗန်းမော် ဗျူဟာလမ်းနဲ့ မန္တလေး-မြစ်ကြီးနား ဗျူဟာလမ်းရှိ ထီးချိုင့်မြို့နယ် လမ်းပိုင်းကို ည ၈ နာရီကျော် အသုံးပြု သွားလာခြင်း မပြုကြဖို့၊ ထီးချိုင့်မြို့နယ်အတွင်း သွားလာကြမယ့် အိမ်စီးကားငယ်တွေ မှန်ချမောင်းနှင်ဖို့၊ ကုန်ကားကြီးတွေ နောက်ဖုံးမိုးကာများ အုပ်ထားခြင်းမပြုဖို့ ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က အသိပေးကြေညာချက် ထုတ်ပြန်ထားပါတယ်။

ထီးချိုင့်မြို့နယ်မှာ အောက်တိုဘာ ၄ ရက် ညကလည်း ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်က ကမ်းနီ ရဲစခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။

1 year Ago
Up