မီးဘေးသင့်တိရစ္ဆာန်

January 13, 2020

သြစတြေးလျ မီးဘေးသင့်တိရစ္ဆာန်များအတွက် အစားအစာချပေး

သြစတြေးလျနိုင်ငံ နယူးဆောက်သ်ဝေးပြည်နယ်က တောမီးသင့်သစ်တောတွေထဲမှာ ရှိနေတဲ့ တိရစ္ဆာန်တွေအတွက် အစားအစာတွေကို သားရိုင်းတိရစ္ဆာန်ရေးရာအရာရှိတွေက ရဟတ်ယာဉ်တွေပေါ်ကနေ ကြဲချပေးခဲ့ပါတယ်။ မီးဘေးသင့်အမျိုးသားဥယျာဉ် အတော်များများထဲကို မုန်လာဥနီနဲ့ ကန်စွန်းဥတွေ အလေးချိန် ၂ တန်ကို အာဏာပိုင်တွေက လေကြောင်းကနေ ဇန်နဝါရီ ၁၀ ရက်က ကြဲချခဲ့တာပါ။ တိရစ္ဆာန်လေးတွေ စားနေကျ သစ်သီးသစ်ရွက်တွေက မီးလောင်ကုန်လို့ စားစရာမရှိပဲ သောင်တင် ကျန်ရစ်တဲ့တိရစ္ဆာန်တွေ အသက်ရှင်ရေးအတွက် ခုလို စီစဉ်တာလည်း ဖြစ်ပါတယ်။ တိရစ္ဆာန်တွေဟာ နဂိုကတည်းက မိုးခေါင်လို့ စားစရာအတွက် ဖိစီးမှုရှိတဲ့ အခြေအနေကို ရောက်နေတာပါ။ အကူအညီမရဘဲ ရှင်သန်ဖို့ သူတို့အတွက် စိန်ခေါ်မှုကြီးပဲလို့ နယူးဆောက်သ်ဝေးပြည်နယ် သဘာဝပတ်ဝန်းကျင်ရေးရာဝန်ကြီး မတ်ကီယန်က သတင်းထုတ်ပြန်ပါတယ်။ သြစတြေးလျနိုင်ငံရဲ့ ချုံတောတွေမှာ ၃ လကျော်ကြာလောင်နေတဲ့ မီးကြောင့် လူ ၂၈ ဦးနဲ့ သားရိုင်းတိရစ္ဆာန်ကောင်ရေ သန်း ၈၀၀ ကျော် သေဆုံးခဲ့ရသလို အိမ်အလုံး ၂၀၀၀ ကျော်နဲ့ ဧကသန်းချီတဲ့ ချုံပုတ်တောတွေလည်း မီးသင့်ခဲ့ပါတယ်။ နယူးဆောက်သ်ဝေးပြည်နယ်ကတော့ မီးဘေးအဆိုးဆုံးသင့်ခဲ့ပြီး မြေဟက်တာ ငါးသန်း မီးလောင်ခဲ့တယ်လို့ ဆစ်ဒနီတက္ကသိုလ်က ဂေဟစနစ်ဆိုင်ရာပညာရှင် ပါမောက္ခ ခရစ်ဒစ်မဲန်က ပြောခဲ့ပါတယ်။
1 year Ago
Up