မီးဘေး

A d v e r t i s e m e n t With Us

January 8, 2020

ဩစတြေးလျ မီးဘေးအတွက် စူပါဟီးရိုး Thor မင်းသား ကန်ဒေါ်လာ ၁ သန်း လှူဒါန်း

အချိန်အတန်ကြာနေပြီဖြစ်တဲ့ ဩစတြေးလျ တောမီးလောင်ကျွမ်းမှုအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ဟောလိဝုဒ်သရုပ်ဆောင် မင်းသား ခရစ်ဟမ်းစ်ဝါ့သ်က အမေရိကန်ဒေါ်လာ ၁ သန်း လှူဒါန်းလိုက်ပါတယ်။ သူရဲကောင်း စူပါဟီးရိုးဇာတ်ကောင် Thor ဇာတ်ရုပ်နဲ့ ပရိသတ်တွေ သိကြတဲ့ ခရစ်ဟမ်းစ်ဝါ့သ်ဟာ ဩစတြေးလျ နိုင်ငံသားတဦးလည်း ဖြစ်ပြီး ဒီလှူဒါန်းမှုအကြောင်း ပြောပြထားတဲ့ ရုပ်သံဗွီဒီယိုဖိုင်ကို သူ့ရဲ့ အင်စတာဂရမ် လူမှုကွန်ရက်စာမျက်နှာပေါ်ကတဆင့် ခုလို ရေးသားမျှဝေထားပါတယ်။ “ဟိုင်း… ခင်ဗျားတို့လိုပဲ ကျနော်လည်း သြစတြေးလျနိုင်ငံရဲ့ တောမီးလောင်မှုအတွက် ကူညီထောက်ပံ့မှုတွေ လုပ်ပေးချင်ပါတယ်။ ကျနော်နဲ့ မိသားစုက ဒေါ်လာ ၁ သန်း လှူဒါန်းထားပါတယ်။ ခင်ဗျားတို့အနေနဲ့လည်း ကူညီထောက်ပံ့ပေးချင်ကြမယ်လို့ မျှော်လင့်ပါတယ်။ လှူဒါန်းတဲ့ ငွေပမာဏ ဘယ်လောက်ပဲ ဖြစ်ပါစေ၊ ဒါက ကိစ္စမရှိပါဘူး။ ကူညီထောက်ပံ့ပေးတယ်ဆိုရင်ပဲ ကျေးဇူးတင်စရာကောင်းနေပါပြီ” ရာသီဥတု ပူပြင်းလာမှုနဲ့အတူ တောမီးလောင်မှုကလည်း ပြင်းထန်လာခဲ့ကြောင်း မဲလ်ဘုန်းဖွား သရုပ်ဆောင်မင်းသားက ရေးသားဖော်ပြခဲ့ပြီး မီးငြှိမ်းသတ်နေကြတဲ့ ဒေသခံ မီးသတ်သမားတွေအတွက် ရန်ပုံငွေရှာဖွေပေးရေးမှာ ဇနီးဖြစ်သူနဲ့အတူ ပါဝင်ခဲ့တယ်လို့ ပြောပါတယ်။ လတ်တလောမှာတော့ ဩစတြေးလျ တောမီးဘေးအတွက် နာမည်ကျော်တွေ တော်တော်များများက အလှူငွေတွေ လှူဒါန်းခဲ့ကြပါတယ်။ နာမည်ကြီးအဆိုတော် ကိုင်လီမင်နော့နဲ့ မိသားစုကလည်း အမေရိကန်ဒေါ်လာ ၅ သိန်း လှူဒါန်းခဲ့ပြီး အဆိုတော် အယ်လ်တန်ဂျွန်ကတော့ လာမယ့်အင်္ဂါနေ့ ဆစ်ဒနီမှာ ကျင်းပမယ့် ဂီတဖျော်ဖြေပွဲအတွင်း အမေရိကန်ဒေါ်လာ ၁ သန်း လှူဒါန်းသွားမယ်လို့ ကြေညာထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ နှောင်းပိုင်းလောက်ကတည်းက စတင်လောင်ကျွမ်းခဲ့တဲ့ ဩစတြေးလျ တောမီးဟာ လောင်ကျွမ်းနေခဲ့တာ ရက်သတ္တပတ် အတော်ကြာလာခဲ့ပြီ ဖြစ်ပြီး မီးဘေးကြောင့် လူ ၂၅ ဦး သေဆုံးခဲ့ရပြီး တိရစ္ဆာန်ကောင်ရေ သန်းနဲ့ချီ သေဆုံးခဲ့ရကာ လူနေအိမ်ခြေ ထောင်နဲ့ချီ ပျက်စီးခဲ့ရပါတယ်။
1 year Ago
Up