မီးဖွားပြီး သွေးလွန်သေဆုံးသူများအား ကယ်တင်နိုင်မည့် ဆေးတမျိုး စမ်းသပ်

May 12, 2017

မီးဖွားပြီး သွေးလွန်သေဆုံးသူများအား ကယ်တင်နိုင်မည့် ဆေးတမျိုး စမ်းသပ်

မီးဖွားပြီး သွေးလွန်သေဆုံးသူ အမျိုးသမီးတွေကို ကယ်တင်နိုင်တော့မယ့် ဈေးသက်သာတဲ့ ဆေးတမျိုးကို စမ်းသပ်နေကြပါတယ်။ ကလေးမီးဖွားရာကနေ သွေးထွက်လွန်ပြီး သေဆုံးတဲ့ အမျိုးသမီးအရေအတွက်ဟာ တနှစ်ကို ၁ သိန်းလောက်ရှိပြီး အမျိုးသမီး ၃ ဦးမှာ ၁ ဦးနှုန်း ဖြစ်လေ့ရှိတယ်လို့ သိရပါတယ်။ "ကလေးထွက်လာပြီးတော့ ကျနော့်အမျိုးသမီး သွေးတွေသွန်တယ်။ သွေးထွက်တာ မရပ်တော့ ကျနော်တို့ သူ့ကို ဆေးရုံခေါ်သွားခဲ့ကြပေမယ့် အချိန်မမီခဲ့ဘူး” လို့ သွေးလွန်သေဆုံးခဲ့သူ အမျိုးသမီးတဦးရဲ့ ခင်ပွန်းသည်က ပြောပါတယ်။ TXA လို့ခေါ်တဲ့ ထရန်နစ်ဇမ်းမစ် အက်ဆစ်ဟာ သွေးတွေကို အလျင်အမြန်ခဲစေတယ်လို့ လေ့လာစမ်းသပ်မှု တခုအရ သိရပါတယ်။ ခန္ဓာကိုယ်ပြင်ပကို သွေးထွက်နှုန်း လျော့ကျစေနိုင်တာကြောင့် အရေးပေါ် အခြေအနေကနေ ကာကွယ်ပေးနိုင်လိမ့်မယ်လို့ ပြောပါတယ်။ "ဒါဟာ နိုင်ဂျီးရီးယားလို ဝင်ငွေနည်းတဲ့နိုင်ငံက မိခင်လောင်းတွေအတွက်တော့ သတင်းကောင်းပါပဲ။ ကမ္ဘာတဝန်းမှာ ရှိနေကြတဲ့ မိခင်တွေ သေဆုံးရခြင်းရဲ့ အဓိက အကြောင်းရင်းတခုက မီးဖွားပြီးချိန်မှာ သွေးထွက်လွန်တာကြောင့် ဖြစ်ပါတယ်။ ဒီမှာကတော့ နှောင့်နှေးကြန့်ကြာမှုတွေ၊ ရန်ပုံငွေ မလုံလောက်မှုတွေ ရှိသလို ဆေးရုံတွေမှာ ပစ္စည်းကိရိယာ အလုံအလောက်မရှိတာတွေ၊ ဆရာနဲ့ ဆရာမတွေရဲ့ မကျွမ်းကျင်မှုတွေအပြင်ကို ဘယ်အရာမဆို ပိုက်ဆံပေးမှ ရတယ်" လို့ အတိုင်ပင်ခံ သားဖွားမီးယပ် ဆရာဝန်တဦးက ပြောပါတယ်။ မွေးပြီးကာစ မိခင်ပေါင်း ၂၀၀၀၀ ကျော်နဲ့ စမ်းသပ်ပြီးတဲ့နောက်မှာ TXA ပေးထားတဲ့ဘက်က မိခင် ၈၉ ယောက် သေဆုံးပြီး TXA မပေးထားတဲ့ဘက်က ၁၂၇ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် TXA ကြောင့် ကလေးမှာရော မိခင်မှာပါ ဘေးထွက်ဆိုးကျိုးလည်း မတွေ့ရပါဘူး။ မီးဖွားချိန် သွေးလွန်သေဆုံးမှုဟာ ၂၅ ရာခိုင်နှုန်းထိရှိပြီး တချို့ဒေသတွေမှာ အဲဒီထက်များတာကြောင့် ဒါဟာ အရေးကြီးတဲ့ တွေ့ရှိမှုတခုဖြစ်တယ်လို့ နိုင်ဂျီးရီးယား အမျိုးသမီးရေးရာရဲ့ ညှိနှိုင်းရေးမှူးတဦးက ပြောပါတယ်။ သုတေသနပညာရှင်တွေကတော့ အခုတွေ့ရှိမှုဟာ ကမ္ဘာတဝန်းမှာ နှစ်စဉ် မီးဖွားချိန် သွေးလွန်မှုကြောင့် သေဆုံးနေတဲ့ မိခင်အရေအတွက်ကို ၁ သိန်းကနေ လျော့ချနိုင်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။
4 years Ago
Up