မီးဖွင့်ပိတ်

March 9, 2019

တနေ့နှစ်ကြိမ် မီးအဖွင့်အပိတ်လုပ်ရုံဖြင့် တလ ဒေါ်လာ ၂၃၂၀ ရမည်

အလုပ်ဝင်ရင်တကြိမ်၊ အလုပ်ဆင်းရင်တကြိမ် မီးလေးအဖွင့်အပိတ်လုပ်ရုံနဲ့ တလကို ဒေါ်လာ ၂၃၂၀ ရမယ့် အလုပ်တခု ဆွီဒင်နိုင်ငံမှာ ပေါ်ထွက်လာခဲ့တယ်လို့ OC သတင်းမှာဖော်ပြပါတယ်။ ဒါ့အပြင် ဒီအလုပ်အတွက် ခန့်အပ်ခံရတဲ့အလုပ်သမားဟာ ဒီအလုပ်ကို မထွက်ချင်မချင်း တသက်လုံး လုပ်သွားနိုင်မှာလည်း ဖြစ်ပါတယ်။ ဒီအလုပ်ကို “အစအဆုံးမဲ့ အလုပ်အကိုင်” လို့ နာမည်ပေးထားပြီး ဒါဟာ ပရောဂျက်တခု ဖြစ်ပါတယ်။ ဒီအလုပ်အတွက် ခန့်အပ်ခံရမယ့် အလုပ်သမား ဖိုးကံကောင်းလေးဟာ ဆွီဒင်နိုင်ငံ ဂိုသန်ဘာ့ဂ်ျမြို့က ဘူတာရုံတခုမှာ အလုပ်လုပ်ရမှာဖြစ်ပြီး မနက်အလုပ်ကို ရောက်ပြီဆိုတာနဲ့ သတ်မှတ်ထားတဲ့ မီးလေးတွေဖွင့်ကာ အလုပ်ကို ရောက်ရှိကြောင်း တခြားလူတွေကို အသိပေးရမှာပဲဖြစ်ပါတယ်။ မီးတွေဖွင့်ပြီးပြီဆိုတာနဲ့ သူ့အလုပ်က ပြီးဆုံးသွားပြီး ဖြစ်ပြီး သတ်မှတ်ထားတဲ့အချိန် အလုပ်အချိန်အတွင်း တခြားအလုပ်တခု ဒါမှမဟုတ် ဘာမှမလုပ်ဘဲနဲ့ နေနိုင်မှာဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ အချိန်ရောက်ကာမှ ဖွင့်ထားတဲ့ မီးကိုပိတ်ကာ အိမ်ပြန်ရမှာဖြစ်ပြီး ဒီလိုပုံစံမျိုးနဲ့ နေ့တိုင်းအလုပ်ဆင်းရမှာဖြစ်ပါတယ်။ မီးဖွင့်ပြီးတဲ့အချိန် ဘူတာရုံမှာမဟုတ်ဘဲ တခြားနေရာမှာ သွားနေလို့လည်း ရပါတယ်။  မီးအဖွင့်အပိတ်အလုပ်အတွက် သူ့ကို တလဒ်ါလာ ၂၃၂၀ ပေးမှာဖြစ်ပြီး ဝန်ထမ်းဟာ လစာအပြင် ဘောနပ်စ်နဲ့ အခြားခံစားခွင့်တွေကိုလည်း ရရှိမှာ ဖြစ်ပါတယ်။ ဒီရာထူးအတွက် ရွေးချယ်ခံရတဲ့ လူဟာ ဒီအလုပ်ကို တသက်လုံး မထွက်ချင်မချင်း လုပ်ကိုင်ခွင့်ရရှိထားမှာဖြစ်ပြီး မလုပ်ချင်တော့ရင် ကြိုက်တဲ့အချိန်မှာ နုတ်ထွက်ခွင့်နဲ့ မိမိနှစ်သက်ရာတဦးကို အစားထိုးခွင့်လည်း ရရှိမှာဖြစ်ပါတယ်။ အလုပ်ကနေ ထွက်ပြီးချိန်မှာလည်း ပင်စာလစာခံစားရှိမှာဖြစ်ပြီး ဒီလိုထူးထူးဆန်းဆန်း အလုပ်ဟာ ဆွီဒင် ပြည်သူ့အနုပညာဆိုင်အေဂျင်စီနဲ့ သယ်ယူပို့ဆောင်ရေးဌာတို့ကနေ စတင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ဒီဌာနနှစ်ခုက ဂိုသန်ဘာ့ဂ်ျ ကော့စ်ဗာဂန် ဘူတာရုံအတွက် အိုင်ဒီယာတွေထုတ်ပေးဖို့ နိုင်ငံတကာက အနုပညာရှင်တွေကို ဖိတ်ခေါ်ယှဉ်ပြိုင်စေခဲ့ပြီး ပြိုင်ပွဲရဲ့ ဆုကြေးငွေအဖြစ် ဒေါ်လာ ၇၅၀,၀၀၀ နဲ့ ညီမျှတဲ့ ခရိုနာ ၇ သန်း ပေးမယ်လို့ ကြေညာခဲ့ပါတယ်။ ဒီပြိုင်ပွဲကို ဆွီဒင်အနုပညာရှင်နှစ်ဦးဖြစ်တဲ့ ဆီမြွန် ဂိုဒင်နဲ့ ဂျာကော့ ဆန်နီဘီ တို့လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး သူတို့က ဆုကြေးငွေကို ပြိုင်ပွဲဝင်အနုပညာရှင်တွေအစား ဝန်ထမ်းတဦးကို ခန့်ကာ ဘာမှမလုပ်စေဘဲ လစာပေးအပ်သင့်တယ်လို့ အကြံပြုခဲ့ပါတယ်။ ဒီစိတ်ကူးကို ပြိုင်ပွဲအကဲဖြတ်အဖွဲ့က သဘောကျရွေးချယ်ခဲ့တာကနေ ဒီလိုထူးဆန်းတဲ့ “အစအဆုံးမဲ့ အလုပ်အကိုင်” ဆိုပြီး ရာထူးတခုပါ် ပေါက်လာခဲ့တာပဲဖြစ်ပါတယ်။ ရွေးချယ်ခံရတဲ့ အလုပ်သမားကို ရေရှည်လစာပေးနိုင်ဖို့ ပညာရှင်နှစ်ဦးက သူ့ရဲ့ တလစာကို ဒေါ်လာ ၂၃၂၃ လို့ သတ်မှတ်ခဲ့တာဖြစ်ပြီး ဒီနှုန်းထားက နှစ်စဉ် လစာရဲ့ ၃ ဒသမ ၂ ရာခိုင်နှုန်း တိုးပေးရင်တောင် နှစ်ပေါင်း ၁၂၀ အထိ လစာပေးချေနိုင်နေမှာပဲဖြစ်ပါတယ်။ ဒီစိတ်ကူးကို ဆွီဒင်နိုင်ငံရဲ့ အခွန်ထမ်းပြည်သူတွေနဲ့ နိုင်ငံရေးပါတီတွေအားလုံးက ငွေကိုအကြောင်းမဲ့ဖြုန်းတီးတဲ့ ကြောင်တောင်တောင် စိတ်ကူးလို့ ဝေဖန်နေပြီး ဒီပရောဂျက်ကိုဖန်တီးမယ့် အနုပညာရှင်နှစ်ဦးကလည်း ဒီဝေဖန်မှုကို လက်ခံပါတယ်။ လက်ရှိအချိန်မှာ ဂိုသန်ဘာ့ဂ်ျဘူတာရုံဟာ တည်ဆောက်နေဆဲအခြေအနေမှာသာရှိပြီး ရွေးချယ်ခံရတဲ့ ဖိုးကံကောင်းဟာ ၂၀၂၆ ခုနှစ်မှာ အလုပ်စတင်ဆင်းရမှာဖြစ်ကာ အဲ့ဒီမတိုင်ခင် တနှစ်မှာ ဒီအလုပ်အတွက် သင့်တော်သူကို ရှာဖွေမယ်လို့ သိရပါတယ်။
2 years Ago
Up