မီးဖိုချောင်သုံးပစ္စည်းများ

A d v e r t i s e m e n t With Us

June 2, 2020

ဖာပွန်မြို့နယ်ရှိ  အိမ်ထောင်စု ၄၅၀ ကျော်အတွက်  မီးဖိုချောင်သုံးပစ္စည်းများ လှူဒါန်း

ကိုဗစ်-၁၉ ရောဂါ ကပ်ဘေးကာလနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဖာပွန်မြို့နယ်အတွင်းက  အခက်အခဲဖြစ်နေတဲ့ ဒေသခံပြည်သူတွေကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက မီးဖိုချောင်သုံး စားသောက်ကုန်တွေ  ဇွန်လ ၁ ရက်က  ပေးအပ်လှူဒါန်းခဲ့ပါတယ်။ ကပ်ဘေးကာလအတွင်း တပ်မတော်နဲ့ ကေအန်ယူတို့ နှစ်ဖက်ပစ်ခတ်မှုတွေအပြင် မိုင်းအန္တရာယ်တွေနဲ့ ခရီးသွားလာခွင့် ကန့်သတ်ချက်တွေကြောင့် ရှာဖွေစားသောက်ရေး အခက်အခဲဖြစ်နေတဲ့ အိမ်ထောင်စု ၄၅၀ ကျော်ကို ပေးအပ်လှူဒါန်းခဲ့တာပါ။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၊ ဖာပွန်မြို့နယ်တာဝန်ခံ ဦးသန်းဝင်း က “ခရီးသွား ကန့်သတ်ချက်တွေရယ် နှစ်ဖက်ပစ်ခတ်မှုတွေရယ်၊ နေ့စဉ်နီးပါး မိုင်းပေါက်ကွဲနေတာတွေကြောင့် ဒေသခံတွေ ရှာဖွေစားသောက်ဖို့ အခက်အခဲဖြစ်နေတာကိုတွေ့နေရတော့ ဖောင်ဒေးရှင်းကို အကူအညီတောင်းပြီး လှူဖြစ်တာပါ”လို့ ပြောပါတယ်။ ဖာပွန်မြို့နယ်၊ အမှတ် ၃ ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးစောထွန်းနေက “တချို့ ပြည်သူတွေက ပြောတယ်။ အရှေ့မှာကျတော့ ဝူဟန်အနောက်မှာ ကျည်ဆန်တဲ့။ ဂဏန်းလိုပဲ ဘေးကနေစောင်းစောင်းနဲ့ ကြည့်ပြီးတော့ သွားနေရတဲ့ဘဝတွေ”လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ မေလက စတင်ပြီး တပ်မတော်က နယ်မြေလုံခြုံရေးအရ ဖာပွန်မြို့အဝင်အထွက်ကို ညနေ ၆ နာရီမှ မနက် ၆ နာရီအတွင်း သွားလာခွင့်ပိတ်ပင်ထားသလို ကေအန်ယူက ကမမောင်း-ဖာပွန်ကြား လမ်းမကြီးပေါ် တနင်္လာနေ့နဲ့ သေကြာနေ့ ၂ ရက်တာ ဖြတ်သန်းသွားလာခွင့်ပြုထားပြီး ဒေသခံတွေအနေနဲ့ ဥယျာဉ်ခြံလုပ်ကိုင်ရာမှာ မိုင်းအန္တရာယ်ကိုပါ စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။ စားသောက်ရေးအခက်အခဲဖြစ်နေတဲ့ ရပ်ကွက်၊ ကျေးရွာပေါင်း ၁၃ ခုက အိမ်ထောင်စု ၄၅၀ ကျော်ကို ဆန်၊ ဆီ၊ ငါးသေတ္တာ စတဲ့ မီးဖိုချောင်သုံး ပစ္စည်း ၆ မျိုးကို လိုက်လံပေးအပ်လှူဒါန်း ခဲ့ပါတယ်။ ကေအန်ယူတပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်အတွင်း ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးစခန်းတွေကို တပ်မတော်က ဖယ်ရှားရှင်းလင်းခဲ့တဲ့အတွက် နှစ်ဘ က်တင်းမာမှုဖြစ်ပွားခဲ့ပြီး  နှစ်ဖက်ပစ်ခတ်မှုတွေ ဖြစ်ပွားနေတာပါ။ သတင်း- ရဲမင်းခေါင်
9 months Ago
Up