မီးထွန်းဂုဏ်ပြု

A d v e r t i s e m e n t With Us

April 6, 2020

ကျန်းမာရေးဝန်ထမ်းများကို အိန္ဒိယ ပြည်သူသန်းချီ မီးထွန်းဂုဏ်ပြု

အိန္ဒိယနိုင်ငံမှာ ပြည်သူသန်းပေါင်းများစွာဟာ ဝန်ကြီးချုပ် မိုဒီနဲ့အတူ ဧပြီ ၅ ရက်နေ့က နေအိမ်တွေမှာ ဖယောင်းတိုင်တွေ၊ လက်နှိပ်ဓာတ်မီးတွေထွန်းပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ တိုက်ဖျက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဂုဏ်ပြုခဲ့ကြတယ်လို့ ရိုက်တာသတင်းမှာ  ဖော်ပြပါတယ်။ လူတော်တော်များများက သူတို့နေအိမ်ဝရန်တာတွေကနေ ည ၉ နာရီအချိန်မှာ လက်နှိပ်ဓာတ်မီးတွေ ထွန်းပြီး ကိုးမိနစ်ကြာ ဝှေ့ယမ်းခဲ့ကြသလို၊ အချို့ကလည်း နေအိမ်ရှေ့မှာ ဖယောင်းတိုင်တွေကို အိန္ဒိယမြေပုံ စီပြီး ထွန်းညှိခဲ့ကြပါတယ်။  ဝန်ကြီးချုပ်မိုဒီကိုယ်တိုင်လည်း ဒေလီက သူ့အိမ်တော်မှာ မီးပိတ်ချိန် မီးအိမ်တခု ထွန်းညှိပြီး လူထုနဲ့အတူ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး ရှေ့တန်းက ကျန်းမာရေးလုပ်သားတွေအတွက် ဂုဏ်ပြုခဲ့ပါတယ်။  လူဦးရေ ၁ ဒသမ ၃ ဘီလီယံရှိတဲ့ အိန္ဒိယနိုင်ငံမှာ ဒီနေ့ မွန်းလွဲပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေ ၄၃၁၄ ဦး၊ သေဆုံးသူ ၁၁၈ ဦး ရှိနေပြီ ဖြစ်ပါတယ်။ အခုအကြိမ်ဟာ ဝန်ကြီးချုပ်မိုဒီက ပြည်သူတွေကို တစုတစည်းတည်း ရှိကြောင်းပြသဖို့ ဒုတိယအကြိမ် တောင်းဆိုတာပါ။  ပြီးခဲ့တဲ့လကလည်း ပြည်သူတွေဟာ ဝန်ကြီးချုပ်က မေတ္တာရပ်ခံတဲ့အတိုင်း စတီး ပန်းကန်ပြားတွေ ဇွန်းတွေကို လက်ထဲမှာ ကိုင်ခေါက်ပြီး၊  ရှေ့တန်းက ကျန်းမာရေး လုပ်သားတွေကို အားပေးခဲ့တယ်လို့ ရိုက်တာသတင်းက ရေးပါတယ်။
11 months Ago
Up