မီးထွန်းထားသည့် ဒရုန်းယာဉ်

May 3, 2018

မီးထွန်းထားသည့် ဒရုန်းယာဉ် ၁၃၀၀ ကျော်ပစ်လွှတ်ပြီး ကမ္ဘာ့စံချိန်တင် (ရုပ်သံ)

တရုတ်နိုင်ငံမှာ မီးထွန်းထားတဲ့ ဒရုန်းယာဉ် ၁၃၀၀ ကျော်ကို ပစ်လွှတ်ပြီး ကောင်းကင်ကို မီးထွန်းကာ ကမ္ဘာ့စံချိန် ချိုးခဲ့တယ်လို့ သိရပါတယ်။ တရုတ်ကုမ္ပဏီတခုက ဒရုန်းယာဉ် ၁၃၇၄ ခုကို မီးထွန်းပြီး ကောင်းကင်ပေါ် တပြိုင်တည်း လွှတ်တင်ကာ ရှီယန်းမြို့ပေါ် တကီလိုမီတာကျော်ကို ၁၃ မိနစ်လောက်ကြာအောင် ပျံသန်းပြီး ပုံဖော်ခဲ့တာပါ။ ဒရုန်းယာဉ်တွေရဲ့ ပုံဖော်မှုထဲက တခုအနေနဲ့ လူသိများတဲ့ နိုင်ငံရေး ကြွေးကြော်သံတခုကို စာလုံးပေါင်း ပုံဖော်ပြီး သမ္မတရှီကျင့်ဖျင်ရဲ့ အခြေခံ နိုင်ငံခြားရေးမူဝါဒ “One Belt One Road” ဆိုတဲ့ မူကို ချီးကျူးဂုဏ်ပြုခဲ့ပါသေးတယ်။ တောင်ကိုရီးယားနိုင်ငံမှာ ဖေဖော်ဝါရီလတုန်းက ကျင်းပခဲ့တဲ့ ဆောင်းရာသီ အိုလံပစ်ပွဲတော်မှာ အမေရိကန် နည်းပညာကုမ္ပဏီက ဒရုန်းယာဉ် ၁၂၁၈ ခုနဲ့ ပျံသန်းခဲ့တာကို တရုတ်ကုမ္ပဏီ Ehang က ဒရုန်းယာဉ် ၁၅၆ ခု ပိုမိုပျံသန်းပြီး ကမ္ဘာ့စံချိန် ချိုးခဲ့တာလို့လည်း သိရပါတယ်။ တရုတ်နိုင်ငံက ဒရုန်းတွေ၊ စက်ရုပ်တွေနဲ့ ဆီမီးကွန်ဒက်တာတွေ အပါအဝင် နိုင်ငံခြားထုတ်ကုန်ပစ္စည်းတွေကို မှီခိုမှု လျော့ချပြီး ကမ္ဘာကို ဦးဆောင်နေတဲ့ ကုမ္ပဏီကြီးတွေ တည်ဆောက်ကာ နည်းပညာနယ်ပယ်မှာ အမြန်တိုးတက် ဖြစ်ထွန်းနေပါတယ်။ Ehang ကုမ္ပဏီက ခရီးသည်တဦး တင်ဆောင်နိုင်ပြီး ဒေါ်လာ ၃ သိန်းနဲ့ ရောင်းချမယ်ဆိုတဲ့ ဒရုန်းယာဉ်အကြောင်း ထုတ်ဖော်ပြောကြားချိန်မှာ ကုမ္ပဏီဟာ ၂၀၁၆ ခုနှစ်ရဲ့ ပထမဆုံး သတင်းခေါင်းကြီးပိုင်းတွေ ဖြစ်လာခဲ့ပါတယ်။ ဒီနှစ်အစောပိုင်းမှာ ၁ နာရီ ကီလိုမီတာ ၁၃၀ နှုန်းနဲ့ ခရီးသည်တဦး တင်ဆောင်နိုင်မယ့်ယာဉ်ကို စမ်းသပ်လုပ်ဆောင်ပြီးပြီလို့ ကုမ္ပဏီက ပြောခဲ့သေးကြောင်း မေရာသတင်းမှာ မေလ ၂ ရက်နေ့က ဖော်ပြထားပါတယ်။
3 years Ago
Up