စပိန်နိုင်ငံ လာပယ်မာကျွန်းပေါ်က ကမ်ဘရေဗေးဂျာ မီးတောင်ထိပ်ဖျားဟာ စက်တင်ဘာ ၂၅ ရက်က ပြိုကျခဲ့ပါတယ်။
ဒီဖြစ်ရပ်ကို စပိန်ဘူမိဗေဒနဲ့ သတ္ထုဌာနက ဒရုမ်းယာဉ်နဲ့ ရုပ်သံ ရိုက်ကူးခဲ့တာပါ။ စက်တင်ဘာ ၁၉ ရက်က စတင်ပေါက်ကွဲခဲ့တဲ့ မီးတောင်ဟာ ခုတော့ ပေါက်ကွဲမှု အဆင့်အသစ်ဆီကို ရောက်နေပါပြီ။
မီးတောင်ဟာ ချော်ရည် တန်ထောင်ချီ မှုတ်ထုတ်ခဲ့ပြီး ရာချီတဲ့ အိမ်တွေကို ဖျက်ဆီးခဲ့ ပြီးပါပြီ။ လူအယောက် ၆၀၀၀ လောက်ကို ဘေးကင်းရာ ရွှေ့ပြောင်း ပေးခဲ့ရပါတယ်။
လူဦးရေ ၈၃၀၀၀ ကျော်ရှိတဲ့ လာပယ်မာကျွန်းဟာ အတ္တလန္တိတ်သမုဒ္ဒရာတွင်းက ကာနာရီ ကျွန်းစုတွေထဲမှာ ပါတဲ့ ကျွန်းတကျွန်းပါ။
မီးတောင်ပေါက်လို့ သေဆုံးဒဏ်ရာရသူ ကြေညာထားတာ မရှိသေးပေမဲ့ ကျွန်းရဲ့ စီးပွားရေးအတွက် အဓိကကျတဲ့ ငှက်ပျောစိုက်ခင်း ၁၅ ရာခိုင်နှုန်းကတော့ ဘေးသင့်ခဲ့ပြီး အလုပ်အကိုင် ထောင်ချီ ဆုံးရှုံးနိုင်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။