မီးတိုင်

November 1, 2020

သီတင်းကျွတ်လပြည့်နေ့အထိမ်းအမှတ် မန္တလေးကျုံးတောင်ဘက် မီးတိုင်များ စတင်အလင်းပေး

သီတင်းကျွတ် လပြည့်နေ့အထိမ်းအမှတ်အဖြစ် မန္တလေးမြို့၊ ၂၆ လမ်း၊ ၆၆ လမ်းနဲ့ လမ်းရှစ်ဆယ်ကြား၊ ကျူံးတောင်ဘက်ခြမ်းက လူသွားလမ်းတစ်လျှောက်မှာ လမ်းမီးတိုင်တွေ စတင်ဖွင့်လှစ်ပေးခဲ့ပါတယ်။ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကို ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်စဉ်က ရရှိထားတဲ့ ဆုငွေတွေနဲ့ ပြည်သူတွေရဲ့ အလှူငွေတွေ ပူးပေါင်းပြီး ဒီမီးတိုင်တွေ စိုက်ထူခဲ့တယ်လို့ သိရပါတယ်။ စည်ပင်ကော်မတီဝင် ဦးကျော်ဆန်းမြင့်က "ကျနော်တို့ မြို့တော်ဝန်ကြီး ဒေါက်တာရဲလွင် တာဝန်ယူတဲ့ ကာလအတွင်းမှာ ကျုံးရဲ့တောင်ဘက်ရယ်၊ အနောက်ဘက်ရယ်၊ ပလက်ဖောင်းတွေ ပြင်ပြီးသွားပြီ။ နောက် ကျုံးရဲ့ တောင်ဘက်ရယ်၊ အရှေ့ဘက်ရယ်ကိုလည်း ပလက်ဖောင်းရော၊ လက်ရမ်းရော၊ အကာအရံတွေရော၊ မီးတိုင်ရော လုပ်ပြီးပြီ။ ကျုံးရဲ့အရှေ့ဘက်ကတော့ အလှူရှင်တစ်ဦးတည်း လှူတာဖြစ်ပါတယ်။ မြောက်ဘက် ဆောင်ရွက်ဖို့ကျန်နေပါသေးတယ်။ ကျနော်တို့ တာဝန်ယူဆောင်ရွက်ရတဲ့ ကာလအတွင်းမှာ အလှူရှင်တချို့လည်း ရှိတော့နေပါတယ်။ မြောက်ဘက်ကိုလည်း လုပ်နိုင်အောင်ကြိုးစားနေပါတယ်" လို့ ပြောပါတယ်။ ယခင်က ကျုံးပတ်လည်တစ်လျှောက် အလင်းရောင် အားနည်းတဲ့အတွက် ရာဇဝတ်မှုကျူးလွန်သူတွေ၊ မှောင်ရိပ်ခိုသူတွေရှိခဲ့တယ်လို့ သိရပါတယ်။ ကော်မတီဝင် ဦးကျော်ဆန်းမြင့်က"အရှေ့ဘက်ကတော့ မြို့ကို ပိုပြီးတော့ လင်းလင်းချင်းချင်းဖြစ်တဲ့ခါကျတော့ သာယာတယ်၊ လှပတယ်၊ ရာဇဝတ်မှုတွေ နည်းသွားတယ်၊ ပိုပြီးတော့ လမ်းလျှောက်လို့၊အနားယူအပန်းဖြေလို့ ကောင်းတဲ့ feedback တွေ ရပါတယ်"လို့ ပြောပါတယ်။ ၆ မီတာရှည်ပြီး ၆၀ ဝပ်အားရှိတဲ့ မီးတိုင်ပေါင်း ၁၅၀ တိုင်ကို မြေပြင်မှာစိုက်ထူချိန် ငါးရက်ခန့်ဆောင်ရွက်ပြီး သီတင်းကျွတ်လပြည့်နေ့အမှီ စိုက်ထူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အခုအချိန်မှာတော့ ကျုံးအရှေ့ဘက်ခြမ်းရော တောင်ဘက်ခြမ်းမှာပါ လူသွားလမ်းတစ်လျှောက် မီးတိုင်တွေ စိုက်ထူနိုင်ခဲ့ပြီး ကျုံးရဲ့ မြောက်ဘက်မှာလည်း စိုက်ထူနိုင်ဖို့ စီစဉ် နေကြတယ်လို့ သိရပါတယ်။ ထိန်ထိန်လင်း
1 year Ago
Up