အင်ဒိုနီးရှားနိုင်ငံမှာ တောမီးအကြီးအကျယ်ရှို့မှုကြောင့် နိုင်ငံမြောက်ပိုင်းမှာ စက်တင်ဘာ ၁၆ ရက်နေ့က မီးခိုးမြူမှုန်တွေ ထူထူထပ်ထပ် ရောက်နေပြီး အိမ်နီးချင်း မလေးရှားနိုင်ငံနဲ့ စင်ကာပူနိုင်ငံတွေမှာပါ ဆက်လက်ဖုံးလွှမ်းနေပါတယ်။
အခုလို အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားကျွန်းနဲ့ ဘိုနီယိုကျွန်းတို့မှာ အကြီးအကျယ် တောင်ယာမီးရှို့မှုကြောင့် အခုလိုအချိန်မှာ မီးခိုးမြူတွေ ကျရောက်တာ ပုံမှန်ဖြစ်ပေမယ့် အခုနှစ်မှာ ပိုမိုထူထပ်တာပါ။
အခုလို တောင်ယာမီးရှို့မှုတွေကို စက္ကူထုတ်လုပ်သူတွေနဲ့ ဆီအုန်းထုတ်လုပ်သူတွေက အဓိက လုပ်ဆောင်ကြတာဆိုပြီး အပြစ်တင်နေကြတာပါ။
တရားမ၀င် တောင်ယာမီးရှို့မှုတွေကို ထိထိရောက်ရောက် တားဆီးမယ်လို့ အင်ဒိုနီးရှားအစိုးရက နှစ်စဉ် ကတိပေးခဲ့ပေမယ့် မထူးခြားခဲ့ပါဘူး။
အခုနှစ်မှာတော့ တောင်ယာမီးရှို့တဲ့ နေရာတွေကို အင်ဒိုနီးရှားတပ်ဖွဲ့ဝင်တွေကို ရာနဲ့ချီ စေလွှတ်ပြီး တောမီးငြှိမ်းသတ်နေရပါတယ်။
ရက်သတ္တပတ်နဲ့ချီပြီး အခုလို မီးခိုးမြူမှုန်တွေ ထူထူထပ်ထပ် ကျရောက်နေတာနဲ့ လေထုညစ်ညမ်းပြီး ဒေသခံတွေ ကျန်းမာရေးပါ ထိခိုက်နိုင်တဲ့ အခြေအနေရှိတာကြောင့် ခရိုင်မှာ အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။
ဒီမီးခိုးမြူမှုန်တွေဟာ မြောက်လေနဲ့အတူ ပါသွားပြီး အင်ဒိုနီးရှားနိုင်ငံ မြောက်ပိုင်းက မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံနဲ့ ဆူမားတြားကျွန်း မြောက်ပိုင်းတွေဆီ ရောက်ရှိသွားတာပါ။
ကွာလာလမ်ပူမြို့တော်နဲ့ တခြားဒေသတွေမှာ စာသင်ကျောင်းတွေကို ပိတ်ထားပြီး စင်ကာပူနိုင်ငံမှာတော့ အများပြည်သူတွေ မလိုအပ်ဘဲ အပြင်မထွက်ကြဖို့ အစိုးရက တိုက်တွန်းထားပါတယ်။
လာမယ့် ၁ ရက်၊ ၂ ရက်အတွင်း ဒီဒေသတွေမှာ မိုးရွားသွန်းဖို့ ရှိတယ်လို့လည်း မိုးလေ၀သ အေဂျင်စီတွေက ခန့်မှန်းထားကြပါတယ်။
7 years Ago