မီးခိုးဖြင့် ရေးဆွဲ

April 5, 2018

ဝင်နီမင်ဒဲလား၏ရုပ်ပုံကို ပန်းချီဆရာတဦးက မီးခိုးဖြင့် ရေးဆွဲ

ဧပြီ ၂ ရက်နေ့က ဆုံးပါးသွားတဲ့ တောင်အာဖရိကနိုင်ငံရဲ့မိခင် ဝင်နီမင်ဒဲလားရဲ့ ရုပ်ပုံကို  တောင်အာဖရိက ပန်းချီဆရာတယောက်က မီးခိုးနဲ့ ရေးဆွဲခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အနာသီနကန်ယူဇာဟာ ပန်းချီပညာကို ဆရာလွတ် လေ့လာနေသူတယောက် ဖြစ်ပါတယ်။ စက္ကူပေါ် ဖယောင်းတိုင်မီးနဲ့ မှိုင်းတိုက်ရေးတဲ့ မီးခိုးပန်းချီကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ လေ့လာခဲ့တာလို့ သူကပြောပါတယ်။ ကွယ်လွန်သူ ဝင်နီမင်ဒဲလားရဲ့ ဂုဏ်ပြုဓာတ်ပုံ ရေးဆွဲမှုနဲ့ ပတ်သက်ပြီး ပန်းချီဆရာ အနာသီက “အခုပုံဟာ အမေ ဝင်နီမင်ဒဲလားရဲ့ဘဝနဲ့ ကွယ်လွန်ခြင်းအတွက် အထိမ်းအမှတ်တခုပါပဲ” လို့ ပြောပြပါတယ်။ “ဟုတ်ပါတယ်။ နိုင်ငံအတွက် သူလုပ်ခဲ့တာတွေအားလုံးနဲ့ သူ့ရဲ့ဘဝအတွက် အထိမ်းအမှတ်တခုအနေနဲ့ ကျနော် ဒီပုံကို ရေးဆွဲခဲ့တာပါ။ သူဟာ ကျနော်တို့လူငယ်တွေ အခုပိုင်ဆိုင်ထားတဲ့ ကျနော်တို့ရဲ့ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်ခဲ့သူပါ” လို့ အနာသီက ဆက်ပြောပြသွားပါတယ်။ နယ်လ်ဆင်မင်ဒဲလားရဲ့ ပထမဇနီးဖြစ်သူ ဝင်နီမင်ဒဲလားဟာ တောင်အာဖရိကနိုင်ငံရဲ့ လူဖြူလူမည်း ခွဲခြားမှု ပပျောက်ရေး တိုက်ပွဲဝင်ခဲ့ကြသူတွေထဲမှာ ထင်ရှားသူဖြစ်ပါတယ်။ ဝင်နီမင်ဒဲလားရဲ့ ဈာပနအခမ်းအနားကို ဧပြီ ၁၄ ရက်နေ့မှာ နိုင်ငံတော်အဆင့် အခမ်းအနားတခုအနေနဲ့  ပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။
3 years Ago
Up