မီလ်ဝေါကီကောင်တီ

November 28, 2020

ဝီလ်ကွန်ဆင်ပြည်နယ် မီလ်ဝေါကီကောင်တီ မဲပြန်ရေတွက်မှုအရ ဂျိုးဘိုင်ဒင် အနိုင်ရ

သမ္မတဒေါ်နယ်ထရမ့်ရဲ့ တောင်းဆိုချက်အရ ဝီလ်ကွန်ဆင်ပြည်နယ်ရဲ့ အကြီးဆုံးကောင်တီ မဲပြန်ရေတွက်မှုဟာ နိုဝင်ဘာ ၂၇ ရက်က ပြီးဆုံးခဲ့ပြီး ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်ကပဲ မဲအရေအတွက် ပိုရခဲ့ပါတယ်။ မီလ်ဝေါကီကောင်တီ မဲပြန်ရေတွက်မှုအပြီးမှာ စုစုပေါင်း ဘိုင်ဒင်က  ၂၅၇ မဲ ရရှိပြီး သမ္မတ ထရမ့်က ၁၂၅ မဲ ရရှိခဲ့ပါတယ်။ ဝီလ်ကွန်ဆင်ပြည်နယ်မှာ မဲအရေအတွက် နှစ်သောင်းကျော်အကွာနဲ့ ဘိုင်ဒင်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ထရမ့်ရဲ့ မဲဆွယ်အဖွဲ့က ဝီလ်ကွန်ဆင်ပြည်နယ်ရဲ့ လူဦးရေအများဆုံးနဲ့ ဒီမိုကရက်ဘက်ယိမ်းတဲ့ ကောင်တီနှစ်ခုမှာ မဲပြန်ရေတွက်ဖို့ တောင်းဆိုခဲ့တာပါ။  ဒီလိုမဲပြန်ရေတွက်တာကြောင့် ထရမ့်ရဲ့ မဲဆွယ်အဖွဲ့ဟာ အမေရိကန်ဒေါ်လာ ၃ သန်း ကုန်ကျမှာ ဖြစ်ပါတယ်။ နောက်ကောင်တီတစ်ခုဖြစ်တဲ့ ဒိန်းကောင်တီမဲ ပြန်ရေတွက်မှုက နိုဝင်ဘာ ၂၉ ရက်မှာ ပြီးဆုံးမယ်လို့လည်း သိရပါတယ်။ ထရမ့်ရဲ့ မဲဆွယ်အဖွဲ့က ဝီလ်ကွန်ဆင်ပြည်နယ် စုစုပေါင်း မဲရလဒ်နဲ့ပတ်သက်လို့ တရားစွဲဆိုဖို့ မျှော်လင့်ဆဲဖြစ်ပေမယ့် အချိန်ဟာ သိပ်မကျန်တော့ပါဘူး။  ဝီလ်ကွန်ဆင်ပြည်နယ်အနေနဲ့ သမ္မတရွေးကောက်ပွဲ မဲရလဒ်ကို ဒီဇင်ဘာ ၁ ရက်မှာ အတည်ပြုသွားမယ်လို့  ရိုက်တာအရ သိရပါတယ်။
5 months Ago
Up