မီနီမာရသွန်

A d v e r t i s e m e n t With Us

December 23, 2019

လွတ်လပ်ရေးနေ့ မန္တလေးမြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲ ဆုကြေးနှစ်ဆတိုးပေးမည် 

၇၂ ကြိမ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မန္တလေးမြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲ အတွက် ဆုချီးမြှင့်ကြေးတွေကို အရင်နှစ်ကထက် နှစ်ဆတိုး ချီးမြှင့်မယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။ လာမယ့်နှစ်မှာ ပုဂ္ဂလိကကုမ္ပဏီတွေက ငွေအင်အားရော၊ ပစ္စည်းအင်အားပါ စိုက်ထုတ် ပူးပေါင်း ကူညီလာကြတဲ့အတွက် အခုလို တိုးမြှင့်ပြီး ဆုချီးမြှင့်ပေးမယ်လို့ ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောပါတယ်။ “ဘာကြောင့် ဒီလို မြှင့်နိုင်သလဲဆိုရင် မန္တလေးမြို့တော်ဝန်ရဲ့ မီနီမာရသွန်ကို ပူးပေါင်းပါဝင်ချင်တဲ့ ပြင်ပက ပုဂ္ဂိုလ်တွေက အားကစားသမားတွေအတွက် အဝတ်အထည်တွေ၊ နောက်တခါ ဆုရတဲ့လူတွေအတွက် မျက်နှာသုတ်ပုဝါတွေ ၊ ဒိုင်လူကြီးတွေအတွက် ဝတ်စုံတွေ။ အဲဒီလို ပူးပေါင်းပါဝင်မှု ရှိတဲ့အတွက်ကြောင့်မို့ ဆုကြေးတွေ မြှင့်နိုင်တာ ဖြစ်ပါတယ်။” ဆုကြေးငွေအဖြစ် လူသစ်တန်း အမျိုးသား၊ အမျိုးသမီးရော၊ အလွတ်တန်း အမျိုးသား၊ အမျိုးသမီးရောကို မနှစ်တုန်းကထိ ပထမဆုကို ကျပ် သိန်း ၃၀ ပေးရာက  ဒီနှစ် သိန်း ၆၀ ။ ဒုတိယဆုကို သိန်း ၂၀ ကနေ ဒီနှစ် သိန်း ၄၀ ၊ တတိယဆုကို အရင်က သိန်း ၂၀ ပေးရာကနေ ဒီနှစ် သိန်း ၃၀ ပေးမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲအမျိုးအစားအနေနဲ့ လူသစ်တန်း အမျိုးသား၊ အမျိုးသမီး၊ အလွတ်တန်း အမျိုးသား အမျိုးသမီး၊ သက်ကြီးအားကစားသမားပြိုင်ပွဲ၊ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူတွေရဲ့ ပြိုင်ပွဲနဲ့ နိုင်ငံခြားသား ပြိုင်ပွဲတွေကို သတ်မှတ်ပေးထားပြီး ပြိုင်ပွဲဝင်ဦးရေကို မကန့်သတ်ထားဘူးလို့ သိရပါတယ်။ မန္တလေး မြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲကို နိုင်ငံခြားသားတွေလည်း အထူးစိတ်ဝင်စား ဝင်ရောက်ယှဉ်ပြိုင်ကြတာဖြစ်ပြီး အခုနှစ်မှာ နိုင်ငံခြားသား ယှဉ်ပြိုင်သူတွေကို သစ်သားပန်းပုရုပ် ချီးမြှင့်ဖို့ တိုင်ပင်နေတယ်လို့လည်း သိရပါတယ်။ “မနှစ်ကလည်း ငါးနိုင်ငံ ခြောက်နိုင်ငံလောက်က လာပြီး ပြိုင်ပွဲဝင်ကြတာ တွေ့ပါတယ်။ သူတို့က ဒီကပေးတဲ့ ငွေကြေးထက် ဒီမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ အသိအမှတ်ပြုမှုရယ်၊ နောက်တခါ ဆုတံဆိပ်ရယ်ကို ပိုပြီးတော့ တန်ဖိုးထားပါတယ်။ ကျနော်တို့က လက်ဆောင်လည်း ပေးပါတယ်။ ဒီနှစ် သူတို့ကို မြို့တော်ဝန်မာရသွန် အထိမ်းအမှတ် အထူးထွင်းထုထားတဲ့ သစ်သားပန်းပုတခု ပေးမလားလို့တော့ တိုင်ပင်နေပါတယ်”လို့ ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောပါတယ်။ အခုလို ဆုကြေးတွေ တိုးမြှင့်ပေးတာဟာ အားကစားသမားတွေအတွက် ပိုမိုအားတက်စရာ၊ အဆင်ပြေစရာ ဖြစ်လာတယ်လို့ မန္တလေးမြို့ခံ ကစားသမား ကိုဇာနည်ထွန်းက ပြောပါတယ်။ အဲဒီပြိုင်ပွဲတွက် ဝင်ခွင့်လျှောက်လွှာတွေကို မြို့နယ်အလိုက် စည်ပင်ရုံးတွေ၊ ဗထူးအားကစားကွင်း၊ မနောရမ္မံ အားကစားကွင်းတွေနဲ့ မြို့တော်စည်ပင်ရုံးရှေ့မှာ တစောင် သုံးရာကျပ်နဲ့ ထုတ်ယူကာ ဒီဇင်ဘာ ၂၇ ရက်ကနေ ဇန်နဝါရီ ၃ ရက်အတွင်း လျှောက်လွှာပြန်ရမှာ ဖြစ်ပြီး လျှောက်လွှာတင်ရင်း အားကစားဝတ်စုံတွေကို ထုတ်ယူနိုင်မယ်လို့ သိရပါတယ်။ ထိန်ထိန်လင်း
1 year Ago
Up