မီဒီယာကောင်စီ

June 27, 2019

သတင်းသမားများကို တရားစွဲရာတွင် မီဒီယာကောင်စီကို ဦးစွာတိုင်ကြားရန် တိုက်တွန်း 

တပ်မတော်အနေနဲ့ သတင်းသမားတွေကိုတရားစွဲဆိုရာမှာ သတင်းမီဒီယာဥပဒေနဲ့ သတင်းမီဒီယာကောင်စီကို ဦးစွာတိုင်ကြားပြီးမှသာ ဆောင်ရွက်ဖို့လိုတယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ တာဝန်ရှိသူတွေက တိုက်တွန်းလိုက်ပါတယ်။ တပ်မတော်အနေနဲ့ သတင်းမီဒီယာတွေကို တရားစွဲမယ်ဆိုရင် သတင်းမီဒီယာဥပဒေနဲ့သာ ဆောင်ရွက်ဖို့လိုပြီး တခြားဥပဒေတွေနဲ့ လုပ်ဖို့မလိုဘူးလို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး  ဦးကျော်စွာမင်းက ပြောပါတယ်။ သတင်းမီဒီယာကောင်စီဖြစ်နေတဲ့ အတွက် သတင်းမီဒီယာဥပဒေနဲ့သာ ရပ်တည်သွား မယ်လို့ ဇွန် ၂၇ ရက်က ရန်ကုန်မှာ ပြုလုပ်တဲ့ သတင်းမီဒီယာဘေးကင်းလုံခြုံရေး ဆိုင်ရာ အကြံပြုဆွေးနွေးခြင်း အလုပ်ရုံဆွေးနွေးပွဲမှာ ပြောဆိုခဲ့တာပါ။ လက်ရှိအချိန် တပ်မတော်နဲ့သက်ဆိုင်တဲ့ သတင်းတွေ ရေးသားဖော်ပြတာတွေကို မလိုလားအပ်တဲ့သဘောမျိုးမှာ ရှိနေပြီး တနည်းအားဖြင့် ကန့်သတ်ထားတဲ့သဘောမျိုး ရှိနေတယ်လို့လည်း သတင်းမီဒီယာ ကောင်စီတာဝန်ရှိသူက ပြောပါတယ်။ အခုလက်ရှိ တပ်မတော်ဘက်က သတင်းသမားတွေကို စွဲတဲ့ ဥပဒေ ပုဒ်မတွေဟာ ပြောင်းပြန်သဘောမျိုးဖြစ်နေတယ်လို့   သတင်းမီဒီယာကောင်စီ တွဲဖက်အတွင်းရေးမှူး ဦးမြင့်ကျော်က ဆိုပါတယ်။ သတင်းသမားတွေရဲ့ သတင်းရေးသားဖော်ပြမှုတွေဟာ တပ်မတော်ရဲ့အခွင့်အရေးကို ထိခိုက်တယ်ဆိုတဲ့ သဘောမျိုး ယူဆတာရှိသလို  သတင်းအတတ်ပညာနဲ့ စွပ်စွဲရေး သားဖော်ပြတာမျိုးတွေလို့ မှတ်ယူတဲ့သဘောမျိုး တပ်မတော်ဘက်မှာ ရှိနေတယ်လို့လည်း သတင်းမီဒီယာကောင်စီ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါ့အပြင် သတင်းမီဒီယာကောင်စီအနေနဲ့ အာဏာပိုင်အဖွဲ့အစည်း မဟုတ်တဲ့အတွက် သတင်းသမားတွေကို ကာကွယ်ဖို့ ၀င်ရောက်တားဆီး စွက်ဖက်လို့မရဘူးလို့ ဆိုပါတယ်။
2 years Ago

February 9, 2019

သတင်းသမားများ ခြိမ်းခြောက်ငွေတောင်းပါက မီဒီယာကောင်စီကို တိုင်ကြားနိုင်

သတင်းမီဒီယာသမားတွေနဲ့ သတင်းမီဒီယာအဖွဲ့အစည်းတွေဟာ ကျင့်ဝတ်နဲ့ မညီတဲ့ ခြိမ်းခြောက်တာ၊ ငွေတောင်းတာတွေရှိရင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို တိုင်ကြားကြဖို့ ကောင်စီက ဖေဖော်ဝါရီ ၈ ရက်နေ့က အသိပေးထုတ်ပြန်လိုက်ပါတယ်။ သတင်းမီဒီယာအမည်ခံပြီး ခြိမ်းခြောက်ငွေတောင်းခံသူတွေကို ဖမ်းဆီးအရေးယူတဲ့ သတင်းတွေ တွေ့နေရသလို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဆီကိုလည်း အသိပေးတိုင်ကြားတာတွေ ရှိလာတယ်လို့ ဆိုပါတယ်။ သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေတွေအရ ကောင်စီဟာ သတင်းမီဒီယာကို စောင့်ကြည့်တာ၊  သတင်းမီဒီယာသမားတွေ၊ စာနယ်ဇင်း အသင်းအဖွဲ့တွေက မီဒီယာကျင့်ဝတ်ဖောက်ဖျက်တာရှိရင် သတိပေးဖို့ ကောင်စီမှာ အခွင့်အာဏာရှိပြီး ဒီကိစ္စတွေကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်ဖို့ သတင်းမီဒီယာကျင့်ဝတ်နဲ့ သတင်းမီဒီယာဖွံ့ဖြိုးရေး ကော်မတီကိုလည်း ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။ သတင်းမီဒီယာသမားတွေဟာ သတင်းမီဒီယာဥပဒေမှာ သတင်းမီဒီယာသမားတွေ လိုက်နာရမယ့် တာဝန်နဲ့ ကျင့်ဝတ်တွေ၊  ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ကောင်စီတို့က ထုတ်ပြန်တဲ့ အမိန့်ကြော်ငြာစာ အမိန့်၊ ညွှန်ကြားချက်နဲ့ လုပ်ထုံးလုပ်နည်းတွေ၊ ကောင်စီက ထုတ်ပြန်ထားတဲ့ ကျင့်ဝတ်တွေကို လိုက်နာဖို့ တာဝန်ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သတင်းမီဒီယာသမားတွေနဲ့ သတင်းမီဒီယာအဖွဲ့အစည်းတွေဟာ ပြဋ္ဌာန်းထားတဲ့ သတင်းမီဒီယာ ဥပဒေ၊ နည်းဥပဒေ၊ ကျင့်ဝတ်နဲ့ စည်းကမ်းတွေကို တိတိကျကျ လိုက်နာဖို့လိုပြီး မလိုက်နာဘူးဆိုရင် ခေါ်ယူတွေ့ဆုံသတိပေးတာ၊ သတိပေးချက်ထုတ်ပြန်တာလုပ်မှာ ဖြစ်သလို လိုအပ်ရင် သက်ဆိုင်ရာ ဌာန အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်လိုက်ပါတယ်။ သတင်းမီဒီယာသမားတွေနဲ့ သတင်းမီဒီယာအဖွဲ့အစည်းတွေဟာ ကျင့်ဝတ်နဲ့ မညီတဲ့ ကျင့်ဝတ်နဲ့ မညီတဲ့ ခြိမ်းခြောက်တာ၊ ငွေတောင်းတာတွေ တွေ့ရရင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အီးမေးလ် [email protected] နဲ့ ဖုန်း- 09448026326 ကို တိုင်ကြားနိုင်ကြပြီး လုံခြုံမှုနဲ့ စိတ်ချလက်ချတိုင်ကြားနိုင်ရေးအတွက် တိုင်ကြားသူရဲ့ အမည်ကို လျှို့ဝှက်ထားပေးမယ်လို့လည်း ဆိုပါတယ်။
3 years Ago
More News
Up