မီဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ ဘာတွေဖြစ်လာနိုင်လဲ - အယ်ဒီတာစကားဝိုင်း

A d v e r t i s e m e n t With Us

May 10, 2016

မီဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ ဘာတွေဖြစ်လာနိုင်လဲ - အယ်ဒီတာစကားဝိုင်း

ဒီတပတ်ဆွေးနွေးမယ့် အကြောင်းအရာကတော့ ဦးထင်ကျော် ဦးဆောင်တဲ့ အရပ်သားအစိုးရ တက်လာပြီး ရက်ပေါင်း ၁၀၀ အတွင်း လုပ်ဆောင်ချက်တွေကို အထူးပြုပြောကြားတဲ့အထဲမှာ ကျနော်တို့ မီဒီယာလွတ်လပ်ခွင့်တွေနဲ့ ပတ်သက်လို့ကော ဘာတွေဖြစ်လာနိုင်လဲ၊ ပြီးခဲ့တဲ့ မေ ၃ ရက်နေ့ကလည်း နိုင်ငံတကာ သတင်းစာလွတ်လပ်ခွင့်နေ့ ဖြစ်ပါတယ်။ အဲဒီ သတင်းစာလွတ်လပ်ခွင့်နေ့ရဲ့ ခေါင်းစဉ်ကတော့ သတင်းအရင်းမြစ်တွေ ရပိုင်ခွင့်နဲ့ သတင်းရပိုင်ခွင့်သည် သင့်ရဲ့အခွင့်အရေးဖြစ်တယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဗမာပြည်မှာလည်း အခမ်းအနားတွေ လုပ်ခဲ့ပါတယ်။ အဲဒီလိုပဲ ပြန်ကြားရေးဝန်ကြီးအသစ် ဒေါက်တာဖေမြင့်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ကျနော်တို့ အစိုးရအသစ် လက်ထက်မှာပေါ့ ဖြစ်ပေါ်လာနိုင်တဲ့ သတင်းစာဆိုင်ရာ လွတ်လပ်ခွင့်နဲ့ ပတ်သက်တဲ့ ရရှိနိုင်စရာ အခင်းအကျင်းတွေ၊ ဘာတွေလုပ်ဆောင်ရန်လိုတယ်၊ နောက်ထပ်တခု တကယ်လည်း မြန်မာပြည်ဟာ လက်ရှိ ဘယ်အခြေအနေမှာ ရှိနေတယ်ဆိုတာကို ကျနော်တို့ ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒီတပတ်အတွက် ဆွေးနွေးမယ့်သူတွေကတော့ မော်ကွန်းမဂ္ဂဇင်း အယ်ဒီတာ ကိုဇေယျာလှိုင်နဲ့ လွတ်လပ်သော သတင်းစာဆရာမ မမွန်မွန်မြတ်တို့ ဖြစ်ပါတယ်။ ဦးတိုးဇော်လတ် (ဒီဗွီဘီ) "အဲတော့ ကိုဇေယျာလှိုင်ကို မေးချင်ပါတယ်။ ကျနော်တို့ များသောအားဖြင့် ပြန်ကြားရေးဝန်ကြီးဌာနဆိုတာ အစဉ်အဆက် အရင်တုန်းကတော့ စစ်တပ်ထွက်တွေပဲ အုပ်ချုပ်ခဲ့တယ်။ ဦးသိန်းစိန်အစိုးရလက်ထက် ဖြစ်ခဲ့တဲ့ ၀န်ကြီးသုံးယောက်လုံး စစ်တပ်ကလာတယ်။ အခု ပထမဆုံး အရပ်သားဝန်ကြီးတယောက်တော့ တက်လာပြီပေါ့နော်။ အဲတော့ လက်ရှိ ကျနော်တို့ မြန်မာပြည်ရဲ့ သတင်းစာလွတ်လပ်ခွင့် အခြေအနေ ဘယ်လိုရှိသလဲ။ တကယ်တမ်း တင်းပြည့်ကျပ်ပြည့် ဖြစ်နိုင်ဖို့ ဘာတွေ ဦးစားပေးလုပ်ဖို့ လိုအပ်မလဲ ဆိုတာလေးကို ပထမဆုံးအနေနဲ့ သုံးသပ်ပေးပါဦး ကိုဇေယျာလှိုင်။" ကိုဇေယျာလှိုင် (အယ်ဒီတာ၊ မော်ကွန်းမဂ္ဂဇင်း) "ဟုတ်ကဲ့ ကိုတိုးဇော်လတ် ရှေ့မှာပြောသလိုပဲ ၀န်ကြီးကတော့ အရပ်သားဝန်ကြီး ဖြစ်လာတယ်။ အောက်မှာကျန်ခဲ့တဲ့ ဗျူရိုကရက်တစ် ယန္တရားကတော့ အရင်ယန္တရားပဲဆိုတာ မမေ့ဖို့ ကျနော်တို့ သတိထားဖို့လိုတယ်။ နောက်တခုအနေနဲ့ ကျနော်မြင်တာကတော့ အမြဲတမ်း ပါဝါကို Balance လုပ်ဖို့ ပါဝါကို ခွဲထားတာပေါ့နော်။ အုပ်ချုပ်ရေးရှိတယ်၊ ဥပဒေပြုရေးရှိတယ်၊ တရားစီရင်ရေးရှိတယ်။ လက်ရှိမှာ အစိုးရပိုင် မီဒီယာတွေ ရှိနေသေးတယ်။ ကျနော်မြင်တာက အစိုးရတရပ်အနေနဲ့ မီဒီယာကဏ္ဍပေါ့၊ အုပ်ချုပ်ရေး ဥပဒေပြု တရားစီရင်ရေး မဏ္ဍိုင်ကဲ့သို့ အရေးကြီးတဲ့ စတုတ္ထမဏ္ဍိုင်ရှိတယ်။ အဲဒီမဏ္ဍိုင်ကိုပါ အုပ်ချုပ်ရေးမဏ္ဍိုင်က ၀င်ကစားနေတယ်ဆိုတာ သိပ်တော့ ပုံစံမကျဘူးလို့ ကျနော်ကတော့ သီအိုရီအရ မြင်တယ်။ ဖြစ်နိုင်ချေရှိရင်တော့ မီဒီယာကို လွတ်လပ်တဲ့ ပုဂ္ဂလိက မီဒီယာတွေ အားကောင်းလာအောင် လုပ်မယ်လို့ အန်အယ်လ်ဒီက သူတို့ အာဏာမရခင်ကတည်းက ပြောခဲ့တာရှိတယ်။ ဒါကို ဦးစားပေးပြီး ဆောင်ရွက်သွားမယ်ဆိုရင်တော့ လွတ်လပ်ခွင့်ကို မြင်လာရမယ့် သဘောတော့ရှိတယ်။ လောလောဆယ်ထိတော့ ဒီအစိုးရမီဒီယာကို ဆက်ပြီး ထိန်းထားတာရှိတယ်။ အစိုးရမှာလည်း မီဒီယာရှိတယ်၊ တပ်မတော်မှာလည်း မီဒီယာရှိတယ်ဆိုတော့ ဒါတွေကို ကျနော်တို့ လျှော့ချနိုင်မယ်ဆိုရင် လွတ်လပ်ခွင့်ကို ပိုပြီးမြင်လာရမယ်လို့ထင်တယ်။" ဦးတိုးဇော်လတ် (ဒီဗွီဘီ) "မမွန်မွန်မြတ်ကလည်း သတင်းစာလောကမှာ လုပ်လာတာကြာပြီ။ စတုတ္ထမဏ္ဍိုင်လို့ပြောတဲ့ မဏ္ဍိုင်သုံးခုကို ထိန်းရမယ်။ အထူးသဖြင့်တော့ လက်ရှိအစိုးရမှာ မဏ္ဍိုင်နှစ်ခုတော့ ပါတီတခုတည်းကလို ဖြစ်နေတာပေါ့နော်။ အထူးသဖြင့် ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးသည် ပါတီတခုတည်းကနေလာတယ်။ စတုတ္ထမဏ္ဍိုင်အနေနဲ့ တကယ်တမ်း သတင်းမီဒီယာလွတ်လပ်ခွင့် တင်းပြည့်ကျပ်ပြည့်ဖြစ်ဖို့ ဘာတွေလုပ်ဖို့ အရေးတကြီး လိုအပ်ပါသလဲဆိုတာ ဖြည့်စွက်ဆွေးနွေးပေးပါဦး မမွန်မွန်မြတ်ခင်ဗျား။" မမွန်မွန်မြတ် (လွတ်လပ်သော သတင်းစာဆရာမ) "အဓိကကတော့ အရင်တုန်းက အစိုးရရဲ့ မီဒီယာဆိုတာ ၀ါဒဖြန့်ချိရေး ယန္တရားအနေနဲ့ သုံးခဲ့တာပေါ့နော်။ အဲဒီကနေပြီးတော့ ပြည်သူကို ဗဟိုပြုတဲ့ မီဒီယာတခု ပြောင်းဖို့ဆိုရင်တော့ တကယ်ကိုပဲ အစိုးရရဲ့ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှုတွေကို အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးနိုင်မယ့် မီဒီယာတခု ဖြစ်ဖို့လည်း လိုတာပေါ့။ လူတွေ အချိန်နဲ့တပြေးညီ သိဖို့လည်း လိုတာကိုး။ အဲဒီတပြိုင်နက်တည်းမှာပဲ လူထုရဲ့အသံကို အစိုးရသိအောင် ထုတ်ပြန်ပေးတဲ့ ယန္တရားတခုဖြစ်ဖို့ ကြိုးစားသွားမယ်လို့တော့ ၀န်ကြီးလည်း ပြောပါတယ်။ ဒါပေမယ့် အဲဒီမှာ ကျမတို့ ဘာလိုသေးလဲဆိုတော့ အဲလိုမျိုး အစိုးရမီဒီယာတရပ်က ၀န်ကြီးဌာနတွေကို အလွယ်တကူ အင်တာဗျူးလုပ်လို့ရမယ်၊ အထူးသဖြင့်တော့ သတင်းရယူပိုင်ခွင့်ပေါ့၊ အစိုးရမီဒီယာအနေနဲ့ အင်မတန်လွယ်ကူတယ် ဆိုပေမယ့် သူနဲ့အပြိုင်အဆိုင်လို ဖြစ်လာမယ့် ပုဂ္ဂလိက မီဒီယာတွေမှာရော တကယ်တမ်း သတင်းရယူပိုင်ခွင့် တန်းတူညီမျှ ရရဲ့လားဆိုတာကို ထည့်စဉ်းစားဖို့ လိုပါလိမ့်မယ်။ ဒါ အရေးကြီးဆုံးပါပဲ။ အစိုးရမီဒီယာတရပ်က တကယ် ပြည်သူကို မျက်နှာမူသလို သူနဲ့ယှဉ်ပြိုင်ဘက် ပုဂ္ဂလိက မီဒီယာတွေကလည်း ပြည်သူကို ဗဟိုပြုတဲ့ မီဒီယာတွေ ဖြစ်လာဖို့ရာ သတင်းရယူပိုင်ခွင့် တန်းတူညီမျှရှိဖို့ လိုပါတယ်။ အဲတော့ ကျမတို့လည်း ရက် ၁၀၀ စီမံကိန်းထဲမှာ ပြည်သူကို ဗဟိုပြုတဲ့ မီဒီယာတွေ ဖြစ်လာဖို့၊ ပုဂ္ဂလိက မီဒီယာတွေ အားကောင်းလာဖို့ အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ဘာတွေလုပ်ပေးနိုင်မလဲဆိုတဲ့ စီမံကိန်းတွေကို ကောင်းကောင်းမွန်မွန် ချမှတ်နိုင်ဖို့ လိုတယ်လို့ ကျမထင်ပါတယ်။" ဦးတိုးဇော်လတ် (ဒီဗွီဘီ) "မမွန်မွန်မြတ်ပြောခဲ့သလိုပဲ သတင်းလွတ်လပ်ခွင့် ပြောမယ်ဆိုရင် သတင်းအရင်းအမြစ်ကို ရယူပိုင်ခွင့်က ပြောလာတာပေါ့နော်။ ကိုဇေယျာလှိုင်လည်း ပြောသွားတယ်။ နိုင်ငံတော်ကနေပြီးတော့ နိုင်ငံတော်ပိုင် သတင်းမီဒီယာတွေကို ချုပ်ကိုင်ထားသလို တပ်မတော်အနေနဲ့လည်း တပ်မတော်မီဒီယာတွေ ရှိတယ်ပေါ့။ အဲလိုပဲ အရပ်သားတွေ၊ ပုဂ္ဂလိကတွေ၊ စာနယ်ဇင်းလောကမှာပေါ့နော်။ လွတ်လပ်တဲ့ Independent ဟာတွေအတွက်ကော ဘာတွေလုပ်ဖို့လိုလဲ။ ကျနော်တို့ ခုနပြောတဲ့ သတင်းရယူပိုင်ခွင့်၊ အထူးသဖြင့် တပ်မတော်အနေနဲ့ကော တကယ်တမ်း အစိုးရရဲ့ လှုပ်ရှားမှုတွေ အနေနဲ့ကော ဘာတွေများ လုပ်ပေးဖို့ လိုအပ်နေပါသေးလဲဆိုတာ ဖြည့်စွက်ပြောပေးပါဦးခင်ဗျ။" ကိုဇေယျာလှိုင် (အယ်ဒီတာ၊ မော်ကွန်းမဂ္ဂဇင်း) "လက်ရှိ ကျနော်တို့ ဆွေးနွေးနေတာလည်း ရှိပါတယ်၊ RTI Law လို့ ခေါ်တာပေါ့၊ Right To Information သတင်းအချက်အလက် ရယူပိုင်ခွင့် ဥပဒေပေါ့။ ဒါပေါ်လာမယ်ဆိုရင်တော့ ဒီ RTI Law က မီဒီယာသမားတွေနဲ့တင် ဆိုင်တာမဟုတ်ဘူး။ တိုင်းပြည်မှာရှိတဲ့ လူထုအားလုံးနဲ့ဆိုင်တဲ့ ဥပဒေမျိုး။ ဒါမျိုးကို ကျနော်တို့က ဥပဒေနဲ့အညီ ပြဋ္ဌာန်းပြီးတော့ ဥပဒေချိုးဖောက်ရင် ဘယ်လိုမျိုး အရေးယူ ပြစ်ဒဏ်တွေ ရှိမလဲဆိုတာကို အတိအကျ ရေးထားပေးဖို့ လိုတယ်။ အခုက ကျနော်တို့ သတင်းမီဒီယာဥပဒေတော့ ရှိတယ်။ အဲဒီ မီဒီယာဥပဒေကလည်း ဥပဒေက ဥပဒေပုံစံပဲ ဖြစ်နေတယ်။ အဲဒီဥပဒေမှာလည်း ပြင်စရာတွေ ရှိနေသေးတယ်။ အဲဒီဥပဒေအတိုင်း တပ်မတော်ကို သတင်းတောင်းကြည့်တဲ့အခါမှာ တပ်မတော်က ဘာမှ မလှုပ်ရှားဘူးပေါ့နော်။ ဥပဒေတိုင်းဆိုရင် ၁၅ ရက်အတွင်း အကြောင်းပြန်ရမယ်။ အရေးကြီးကိစ္စဆိုရင် ၂၄ နာရီအတွင်း ပြန်ရမယ်ဆိုတာ ပါတယ်။ ကျနော်တို့လည်း အဲဒီထဲကပါတဲ့ ဥပဒေအတိုင်း ကျင့်သုံးတယ်။ ဒါပေမယ့် တပ်မတော်က အဲဒါကို မျက်ကွယ်ပြုထားတယ်။ တပ်မတော်ကိုယ်တိုင်ကလည်း ဥပဒေကို မလိုက်နာသေးဘူး ဖြစ်နေတယ်။ အဲလိုဆိုတော့ ခုလိုအခြေအနေမျိုးမှာ ဥပဒေတွေ အားကောင်းပြီးတော့ ဥပဒေတွေကို လူတွေက လေးစားလိုက်နာနိုင်အောင် လက်ရှိ ရှိနေတဲ့ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ တစုံတရာ လုပ်နိုင်မယ်လို့ ကျနော်တို့က ယုံကြည်တယ်။ ဒီလို ဥပဒေတွေကို စပြီး Initiate လုပ်ထားခြင်းအားဖြင့် နောင်လာမယ့် အနာဂတ်အတွက် ဒီအစိုးရအနေနဲ့ အသစ်ထားပေးနိုင်ခဲ့မယ့် အမွေလို့ ကျနော်က ယုံကြည်တယ်။ လက်ရှိလုပ်နိုင်တာက ဒီဥပဒေတွေကို လုပ်လို့ရတဲ့ အချိန်လေးမှာ ဥပဒေပြုရေးမှာရော၊ အုပ်ချုပ်ရေးမှာပါ အန်အယ်လ်ဒီက ပါဝါရှိတဲ့အချိန်မှာ ဒါမျိုးက လူထုအတွက် အကျိုးရှိမယ့် အမွေအဖြစ် ကျန်နေခဲ့မယ့် ကိစ္စမျိုးကို ဦးစားပေး လုပ်စေချင်တာပေါ့။ လုပ်လည်း လုပ်နိုင်မယ်လို့ ကျနော်က ယုံကြည်ပါတယ်။" ဦးတိုးဇော်လတ် (ဒီဗွီဘီ) "RTI ဆိုတာ Right to Information ပေါ့။ အရင်ပြန်ကြားရေးဝန်ကြီးကလည်း Draft အနေနဲ့ တင်သွားခဲ့ပါတယ်။ အထူးသဖြင့်တော့ ဒီဟာက သတင်းမီဒီယာတင်မကဘဲ လူ့အခွင့်အရေးနဲ့လည်း ဆိုင်တယ်။ အခြေခံဥပဒေအရလည်း လူတိုင်းဟာ လွတ်လပ်စွာ သတင်းရယူပိုင်ခွင့် ရှိတယ်။ ဒါပေမယ့် အဲဒီထဲမှာတော့ တချို့အင်စတီကျူးရှင်းတွေက မပါလာသေးဘူးပေါ့နော်။ အဲတော့ အဲဒါတွေကို ပါလာအောင် တကယ်ဖြစ်နေတဲ့သတင်းကို ဖြစ်တဲ့အတိုင်း ပေးလာနိုင်အောင် ဘာတွေထပ်ပြီး လုပ်ဖို့လိုလဲ။ အထူးသဖြင့် ကျန်နေသေးတဲ့ တပ်မတော်က သတင်းရယူခွင့်တွေ ပါလာသလို တခြား ၀န်ကြီးဌာန အများကြီးပေါ့။ အခု ၂၁ ခုရှိတယ်၊ ၂၁ ခုလုံးက ဘယ်သူက ပြောမယ်မှန်း မသေချာသေးဘူးပေါ့နော်။ အဲဒါတွေနဲ့ ပတ်သက်ပြီး မမွန်မွန်မြတ် ဘာများ ဖြည့်စွက်ဆွေးနွေးလိုပါသလဲ ခင်ဗျ။" မမွန်မွန်မြတ် (လွတ်လပ်သော သတင်းစာဆရာမ) "ကျမ ဖြည့်စွက်ပြီး ဆွေးနွေးလိုတာက တပ်မတော်နဲ့ပတ်သက်တဲ့ ကိစ္စတွေပေါ့နော်။ တပ်မတော်ကနေပြီးတော့ သတင်းရယူဖို့ရာ အခက်အခဲရှိတဲ့ကိစ္စတွေ ဖြစ်သလို တခြားတဘက်မှာလည်း တပ်မတော်နဲ့ပတ်သက်တဲ့ သတင်းတွေမှာ အင်မတန်မှ ထိလွယ်ရှလွယ် ဖြစ်တဲ့ကိစ္စတွေ ရှိနေတာပေါ့။ အဲဒါတွေကလည်း ကျမတို့နိုင်ငံမှာကျတော့ သတင်းလွတ်လပ်ခွင့်ကို စိန်ခေါ်နေတဲ့ ကိစ္စတွေပါပဲ။ ဥပမာ ထိုင်းမှာလို Lèse Majesté Law လိုမျိုး ဘုရင်ကို မထီမဲ့မြင် ပြုလုပ်တဲ့အခါမှာ အရေးယူလို့ရတဲ့ Law မျိုး ဒီမှာများ ထုတ်ဖို့များ ရှိနေပြီလား။ ရှိကောင်း ရှိလာနိုင်မလားလို့ စဉ်းစားစရာ ဖြစ်နေတယ်။ တပ်မတော်ကို မထီမဲ့မြင်လုပ်တဲ့သူကို ထောင်ချလို့ရတဲ့ ဥပဒေမျိုးများ တချိန်ချိန် သတ်မှတ်ဦးမှာလား ဆိုတာမျိုး တွေးစရာတွေ ဖြစ်လာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခုချိန်မှာ တပ်မတော်နဲ့ ပတ်သက်တဲ့ကိစ္စကို ရေးတာမှန်သမျှ အင်မတန်မှ ထိလွယ်ရှလွယ် ဖြစ်နေလို့ပေါ့နော်။ သတင်းရယူဖို့ ခက်ခဲတဲ့အပြင်မှာ အဲလိုမျိုး ထိလွယ်ရှလွယ်ဖြစ်နေတာသည် သတင်းလွတ်လပ်ခွင့်ကို စိန်ခေါ်နေတဲ့ကိစ္စပေါ့။ နောက်တခါ  သက်ဆိုင်ရာ ၀န်ကြီးဌာနတွေနဲ့ ပတ်သက်ပြီး Access to Information၊ ဒီလိုမေးခွင့်ရဖို့ရန်အတွက် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တွေ ရှိလာဖို့ဆိုတာ ကျမထင်ပါတယ် အခုကာလမှာ အရင်ကထက်စာရင် နည်းနည်းပိုပြီးတော့ ချည်းကပ်ရ လွယ်လာတယ်လို့ ကျမကတော့ မြင်ပါတယ်။ ဘာလို့လဲဆိုရင် သတင်းစာတွေ၊ ဂျာနယ်တွေထဲမှာ အင်တာဗျူးတွေပေါ့။ သက်ဆိုင်ရာ ၀န်ကြီးဌာန ၀န်ကြီးတွေနဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တွေနဲ့ အင်တာဗျူးတွေ ပိုပိုပြီး တွေ့လာရတဲ့အတွက် ဒီကိစ္စတွေက တဖြည်းဖြည်းနဲ့ ဆက်ပြီးတော့ သတင်းမီဒီယာတွေကိုယ်တိုင်က ထဲထဲဝင်ဝင် လိုက်နိုင်မယ်ဆိုရင် ဖြစ်လာမယ့် ကိစ္စတွေပါ။ အဲဒီအတွက်တော့ ကျမ အများကြီး မစိုးရိမ်ပါဘူး။ ဒါပေမယ့် သတင်းလွတ်လပ်ခွင့်ကို စိန်ခေါ်နေတဲ့ ကိစ္စတွေကိုတော့ ကျမစိုးရိမ်ပါတယ်။" ဦးတိုးဇော်လတ် (ဒီဗွီဘီ) "ဟုတ်ကဲ့ခင်ဗျ။ ကျနော်ပြန်သွားချင်တာက အစိုးရအတွင်းက ဗျူရိုကရေစီပေါ့။ အရပ်သားဝန်ကြီးတော့ ဖြစ်တယ်၊ အရင်ဗျူရိုကရေစီက ကျန်ခဲ့တယ်။ အဲဒီလိုပဲ လွတ်လပ်သော မီဒီယာများ၊ ပုဂ္ဂလိက မီဒီယာများ ရှင်သန်ဖို့ဆိုတာ အခြားမီဒီယာလောကရဲ့ ဖွံ့ဖြိုးမှုနဲ့လည်း ဆိုင်တယ်။ အဲဒါဆိုရင် ကော်မာရှယ်ကိစ္စတွေ ပါလာတယ်။ စီးပွားရေးအရ ရပ်တည်နိုင်ခွင့်ရှိမှ အရည်အသွေးရှိတဲ့ သတင်းစာတွေလည်း ထွက်မှာပေါ့။ အခုတော့ နိုင်ငံပိုင်သတင်းစာတွေကလည်း အရင်တုန်းကတော့ ဖျက်မလိုလိုပြောပြီး အခု ဒီအတိုင်းပဲ ဆက်ထားပြီး ပုံစံပြောင်းတယ်။ ကျနော်တို့ ဒီ ကော်မာရှယ်အရပေါ့နော် ပုဂ္ဂလိက သတင်းစာကဏ္ဍတွေ အဲလိုပဲ ရုပ်သံမှာဆိုလည်း ရုပ်သံဥပဒေတောင် မထွက်သေးဘူး Channel 1 ဆိုပြီးတော့ ကြေညာကြတယ်။ သတင်းရုပ်သံအသစ် ထွက်မယ်ပေါ့။ အဲလိုဟာတွေကော တကယ်တမ်းကျတော့ ဘာလုပ်သင့်လဲ၊ ရက်ပေါင်း ၁၀၀ အတွင်းမှာ လက်ရှိ ပြန်ကြားရေးဝန်ကြီးအသစ် အနေနဲ့ပေါ့။ အထူးသဖြင့်တော့ ပုဂ္ဂလိက သတင်းမီဒီယာ၊ လွတ်လပ်တဲ့ သတင်းမီဒီယာ အခန်းကဏ္ဍ ဖွံ့ဖြိုးဖို့အတွက် ဘာတွေလုပ်ပေးသင့်တယ်ဆိုတာ ဖြည့်စွက်ပြောပေးပါဦး။" ကိုဇေယျာလှိုင် (အယ်ဒီတာ၊ မော်ကွန်းမဂ္ဂဇင်း) "ဟိုတနေ့က ကျနော်တို့ ၀န်ကြီးနဲ့တွေ့တဲ့အခါကျတော့ ဆွေးနွေးတာလေးတွေ ရှိတာပေါ့။ အခုက အစိုးရမီဒီယာက အရင်လိုမဟုတ်ဘဲနဲ့ ပုံစံပြောင်းလာတယ်။ အရင်တုန်းက လူထုတွေ့ချင်တဲ့ ဓာတ်ပုံတွေ မမြင်ရဘူးပေါ့။ အခုနောက်ပိုင်း တွေ့လာရတာပေါ့။ အဲတော့ လူတွေက ၀မ်းသာတယ်၊ ၀ယ်ကြတယ်။ အသွင်သဏ္ဌာန်ကော အနှစ်သာရကော ပုံစံကော ပြောင်းတယ်ပေါ့လေ။ ပြန်ကြည့်လို့ရှိရင် ဒီဝန်ကြီးပုံတွေပဲ လာနေမယ်၊ ဒီအကြောင်းပဲ သွားနေမယ်ဆိုရင်တော့ သတင်းစာက ပေါ်လစီက သိပ်ပြောင်းတယ်လို့ ပြောလို့မရသေးဘူးပေါ့။ နောက်တခုရှိတာက ကြော်ငြာတွေ၊ ကြော်ငြာအများစုက အဲဒီကိုသွားတယ်။ ကျနော်တို့ အမွေပြတ်ပဲဖြစ်ဖြစ်၊ နာမည်ပြောင်းပဲဖြစ်ဖြစ် အစိုးရသတင်းစာမှာပါမှပဲ တချို့တွေက တရားဝင်လို့ ယူဆထားကြတယ်။ ယူဆချက်ပေါ့၊ ဥပဒေတော့ မဟုတ်ဘူးပေါ့။ အဲတော့ ကြော်ငြာအများစု၊ စီးပွားရေးကြော်ငြာတွေကလည်း အစိုးရမီဒီယာကို သွားနေတယ်ဗျ။ အဲတော့ ပုဂ္ဂလိက မီဒီယာတွေ ရှင်သန်ဖို့ဆိုတာ ငွေရေးကြေးရေးအရ ဆိုရင်တော့ မီဒီယာတိုင်းက ကြော်ငြာနဲ့ ရပ်တည်ရတယ်ဆိုတာ တကမ္ဘာလုံးက ဒီတိုင်းပဲ။ အဲဒါမျိုးကို အစိုးရမီဒီယာကပဲ သီးသန့် အကုန်လုံး သိမ်းကျုံးပြီး အစိုးရမီဒီယာကပဲ ဦးစားပေးစနစ်အနေနဲ့ သူတို့ပဲ ရနေတယ်။ တချို့အစည်းအဝေးပွဲတွေ၊ တချို့အခမ်းအနားတွေ သူတို့ပဲ တက်ခွင့်ရနေတယ်ဆိုရင် အဲသတင်းတွေကို လူထုက စောင့်ပြီး အစိုးရသတင်းစာကိုပဲ ဖတ်မယ်။ အစိုးရမှာ သူက အားသာချက်က နိုင်ငံတော်ပိုက်ဆံကို သုံးပြီးတော့ တနိုင်ငံလုံးမှာ သူ့ပုံနှိပ်စက်တွေရှိတယ်။ ဖြန့်ချိရေးယန္တရားကို သူ ကောင်းကောင်းသုံးလို့ရတယ်။ ပုဂ္ဂလိက သူ့ကို ယှဉ်လို့မရဘူး။ အဲလိုလုပ်နေခြင်းက ခုနပြောတဲ့ လွတ်လပ်တဲ့၊ အားကောင်းတဲ့ ပုဂ္ဂလိကမီဒီယာ ရှင်သန်ရေးဆိုတဲ့ ကျူးကျော်မှုကို သွားပြီး ထိခိုက်တာပဲ။ ဒါမျိုးကို အစိုးရမီဒီယာတွေက စဉ်းစားပြီးတော့ လျှော့ချဖို့ လိုလာတယ်။ နောက်တခုရှိတာက လွတ်လပ်တဲ့ ယှဉ်ပြိုင်မှုပေါ့၊ Level Play Ground ရောက်အောင်ဆိုရင် ခုန ကျနော်ပြောတဲ့ ဥပဒေအရပေါ့။ ဥပဒေက Broadcast Law က သုံးလို့မရသေးဘူး။ နည်းဥပဒေ မထွက်သေးဘူး။ ဒါမျိုးကို မြန်မြန်ထွက်လာအောင် လုပ်ပြီးတော့မှ Level ညီမျှတဲ့ ကစားကွက်ဖြစ်အောင် ကျနော်တို့ ဖန်တီးဖို့လိုတယ်။ အခု ကျနော်တို့ ဥပဒေသာမရှိတာ Channel တွေက ကုန်သလောက်ဖြစ်နေပြီ။ ၀ိုင်းပြီးတော့ ရှယ်ယာခွဲကြတာပေါ့။ တပ်မတော်ကလည်း ယူထားတယ်။ အစိုးရနဲ့ နီးစပ်တဲ့သူတွေလည်း ယူထားတယ်။ ဒါတွေက မီဒီယာလောကမှာ လွတ်လပ်တဲ့ ယှဉ်ပြိုင်မှုကို လာပြီးတော့ ထိခိုက်စေတဲ့ကိစ္စပဲ။ ဒါမျိုးကို ဥပဒေနဲ့ တိတိကျကျ ကိုင်တွယ်ပြီးတော့ လိုအပ်ရင် ပြင်ဆင်ဖို့လိုတယ်။" ဦးတိုးဇော်လတ် (ဒီဗွီဘီ) "မမွန်မွန်မြတ်အနေနဲ့ ဒီဟာကိုပဲ ကျနော်တို့ ထပ်ပြီး ဖြည့်စွက်ဆွေးနွေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ ပုဂ္ဂလိက သတင်းမီဒီယာကဏ္ဍ ဖွံ့ဖြိုးမှပဲ အရည်အသွေးရှိတဲ့ သတင်းထောက်တွေ ထွက်နိုင်မှာပေါ့။ အဲဒီအတွက် ဘာတွေများ လုပ်ဖို့လိုနေသေးလဲဆိုတာ ဖြည့်စွက်ဆွေးနွေးပေးပါဦး။" မမွန်မွန်မြတ် (လွတ်လပ်သော သတင်းစာဆရာမ) "ကျမကတော့ ပြန်ကြားရေးဝန်ကြီးဌာနကို နည်းနည်း အကြံပေးချင်တာပေါ့နော်၊ တခြားနိုင်ငံတွေမှာလုပ်နေတဲ့ မီဒီယာပရိုဂရမ်တွေလည်း ရှိပါတယ်။ အစိုးရထောက်ပံ့ပေးထားတဲ့ မီဒီယာအဖွဲ့အစည်းတွေ။ ဒါပေမယ့် လွတ်လပ်စွာ ရပ်တည်ခွင့် ပေးထားတဲ့ အဖွဲ့အစည်းမျိုးတွေပေါ့နော်။ အစိုးရကနေပြီးတော့ ပုဂ္ဂလိကမီဒီယာတွေ ဖွံ့ဖြိုးဖို့ဆိုရင် အစိုးရကိုယ်တိုင်ကော ပုဂ္ဂလိက မီဒီယာတွေကို ရန်ပုံငွေတရပ် ထူထောင်ပေးပြီးတော့ လွတ်လပ်စွာ သတင်းလုပ်ငန်းတွေ လုပ်ပိုင်ခွင့်တွေ ပေးပြီးတော့ ဖွံ့ဖြိုးအောင် လုပ်ပေးလို့ မရဘူးလား။ ပြည်သူတွေကတော့ အစိုးရမီဒီယာတွေမှာ ကြော်ငြာတွေ ထည့်ကြတယ်။ ဘာလို့လဲဆိုတော့ စောင်ရေအများဆုံးဖြစ်တဲ့အတွက် ပိုပြီး ပျံ့နှံ့အောင်လို့ လုပ်ကြတယ်။ ဒါ ပြည်သူ့ရဲ့ ရွေးချယ်မှုကို ကျမတို့က သွားပြီးတော့ စွက်ဖက်လို့မရဘူး။ အစိုးရပိုင်မီဒီယာမှာ မထည့်ဘဲနဲ့ ပုဂ္ဂလိကပိုင် မီဒီယာမှာ ကြော်ငြာထည့်ပါလို့ သွားပြောလို့မရဘူး။ အဲတော့ အဲဒီမှာရတဲ့ ရန်ပုံငွေတွေကို ဒီဘက်မှာရှိတဲ့ အားနည်းတဲ့ ပုဂ္ဂလိက မီဒီယာတွေကို ပြိုင်ဆိုင်မှု ပိုကောင်းလာအောင် အစိုးရတရပ်အနေနဲ့ ပံ့ပိုးပေးမယ်ဆိုရင်ကော ဒါက ရွေးချယ်မှုတခုအနေနဲ့၊ လုပ်နိုင်တဲ့ လုပ်ငန်းတခုအနေနဲ့၊ စီမံကိန်းတခုအနေနဲ့ ထည့်ပြီး မစဉ်းစားနိုင်ဘူးလားပေါ့။ ဥပမာ ဘီဘီစီလိုမျိုးပေါ့။ ဒီလိုမျိုးအဖွဲ့အစည်းတွေ၊ နိုင်ငံတကာ သတင်းဌာနတွေ အများကြီးရှိပါတယ်။ အစိုးရထောက်ပံ့ပေးထားတဲ့ နိုင်ငံတကာ သတင်းဌာနတွေ။ အဲဒီအစီအစဉ်မျိုးတွေကော အစိုးရတရပ်အနေနဲ့ ထည့်သွင်းစဉ်းစားမယ်ဆိုရင် ပုဂ္ဂလိက မီဒီယာတွေ ဖွံ့ဖြိုးဖို့ရာအတွက် ဖြစ်ကောင်း ဖြစ်လာနိုင်တယ်။ လောလောဆယ် အနေအထားအရတော့ အစိုးရပိုင်မီဒီယာ ရှိနေသေးတာ ကျမအနေနဲ့ လိုအပ်လို့ ရှိနေသေးတယ်လို့ပဲ ကျမမြင်ပါတယ်။ ဘာလို့လဲဆိုတော့ တပ်မတော်မှာလည်း တပ်မတော်ပိုင်တဲ့ မီဒီယာရှိနေသလို လက်ရှိအစိုးရသစ်အနေနဲ့လည်း သူ့ရဲ့ လုပ်ငန်းစဉ်တွေကို ပြည်သူတွေသိနိုင်အောင် ပြောပြနိုင်ဖို့ရာအတွက် မီဒီယာတရပ်ရှိဖို့ လိုနေသေးတယ်လို့ ကျမတော့ထင်တယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ ကျမ ကန့်ကွက်လိုတဲ့ ဆန္ဒသဘောထား မရှိပါဘူး။" ဦးတိုးဇော်လတ် (ဒီဗွီဘီ) "ဟုတ်ကဲ့ခင်ဗျာ။ နောက်ထပ် ရက်ပေါင်း ၁၀၀ ပေါ့ဗျာ၊ အစိုးရကို ကြည့်ကြမယ်။ အခုတော့ တလလည်း ကျော်လာပြီပေါ့။ သုံးပုံတပုံလောက်တော့ ကျော်သွားပြီ။ ကျန်တဲ့ ၂ လလောက် အတွင်းမှာတော့ တကယ်တမ်း လက်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အနေနဲ့ရော၊ အစိုးရအနေနဲ့ရော မြန်မာပြည်မှာ လွတ်လပ်အားကောင်းပြီး လက်တွေ့ကျကျ အလုပ်ဖြစ်နိုင်တဲ့ မီဒီယာ Environment တခုဖြစ်အောင် ဘာတွေလုပ်ဖို့လိုလဲ ဆိုတာကိုလည်း ကိုဇေယျာလှိုင် ဖြည့်စွက်ပြီး ဆွေးနွေးပေးပါဦး။" ကိုဇေယျာလှိုင်(အယ်ဒီတာ၊ မော်ကွန်းမဂ္ဂဇင်း) "အဓိကတော့ ကျနော်ပြောတဲ့ ဥပဒေပြင်ဆင်ရေးကို ကျနော်ကတော့ ဦးစားပေးစေချင်တယ်။ နောက်တခုရှိတာက မီဒီယာတိုင်းက လွတ်လပ်စွာ သတင်းရယူခွင့်ကို အာမခံစေချင်တာပေါ့။ အစိုးရမီဒီယာမို့လို့၊ တပ်မီဒီယာမို့လို့ ဒီအခမ်းအနားတွေကို ၀င်ခွင့်ရှိတာမျိုး မလုပ်နဲ့ပေါ့နော်။ တခုရှိတာ ကျနော်ကတော့ ဒီနေရာမှာ ဘာသွားမြင်လဲဆိုတော့ အစိုးရဖြစ်နေတုန်း မီဒီယာကို အသုံးချမယ်ဆိုရင် အစိုးရမရှိလို့ရှိရင် သူ ဒီမီဒီယာကို အသုံးချလို့ရမှာ မဟုတ်တော့ဘူး။ ကျနော်က အစိုးရကို မီဒီယာကိုယ်တိုင် ၀င်မလုပ်စေချင်ဘဲနဲ့ ကျန်တဲ့လူထုအားကိုးတဲ့ မီဒီယာတွေကိုယ်တိုင်က အစိုးရကို စောင့်ကြည့်ဖို့နဲ့ ယုံကြည်ရတဲ့ မီဒီယာမျိုး ဖြစ်လာအောင် ကျနော်ကတော့ တွန်းအားပေးချင်တယ်။ ဘာလို့လဲဆိုတော့ အစိုးရက မီဒီယာလုပ်ခွင့်ရှိလို့ သူလုပ်သွားတယ်။ လုပ်ခွင့်မရှိတော့ရင်ကော အစိုးရဆိုတာ အမြဲတမ်း ပြောင်းနေတာကိုး။ တသတ်မတ်တည်း ရှိမယ်လို့ ကျနော်တို့ ယူဆလို့မရဘူး။ ဟိုနေ့ကလည်း ၀န်ကြီးကပြောတယ်၊ အစိုးရရဲ့ မူဝါဒတွေ ဖြန့်ချိချင်လို့ မီဒီယာဆိုတာရှိတာတဲ့။ ဆိုတော့ ကျနော်ထင်တယ် အဲဒါ သတင်းစာရှိမှတော့ မဟုတ်ဘူး ထင်တာပဲ။ ၀က်ဆိုက်တခုလောက် ထုတ်ထားလည်းဖြစ်တယ်။ ထားပါတော့ လွှတ်တော်မှာဆို လွှတ်တော်မီဒီယာဆိုတာ မထားပါဘူး။ ၀က်ဆိုက်ကိုတက်ကြည့်ပြီး ကျနော်တို့က Refer လုပ်ရတယ်။ President Office Refer လုပ်ရတယ်။ ဒီလိုမျိုးနည်းနဲ့လည်း ကျနော်တို့က စဉ်းစားလို့ ရပါတယ်။ စီးပွားရေးနဲ့ ပတ်သက်တဲ့ ဟာမျိုးလေးတွေ ၀င်မလုပ်ဘဲနဲ့ပေါ့၊ ကျနော်ကတော့ အဲလိုမျိုး အကြံပေးချင်ပါတယ်။"
5 years Ago
Up