မီကိုကော်ဖီ

September 18, 2018

မီကို​ ကော်​ဖီမစ်​စက်ရုံ အလုပ်သမားဆန္ဒပြပွဲ နာရီပိုင်းအတွင်း ပြေလည်မှုရရှိ

မန္တလေးတိုင်း​၊ ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန် ကနောင်မင်းသားကြီးလမ်း ၆၄ လမ်းနဲ့ ၆၅ လမ်းကြားရှိ မီကိုကော်ဖီမစ်​စက်ရုံက အလုပ်​သမား ၅၀​ ကျော်​ဟာ ဒီနေ့မနက်ပိုင်းက သပိတ်မှောက် ဆန္ဒပြခဲ့ကြရာ အလုပ်​ရှင်​ အလုပ်​သမားတွေ ညှိနှိုင်းခဲ့ကြတဲ့အတွက် အချိန်​ပိုင်း​အတွင်း ပြေလည်မှု ရရှိခဲ့ပါတယ်​။ အလုပ်သမားတွေက တောင်းဆိုချက် ၂၁ ချက် တောင်းဆိုခဲ့ကြရာ အလုပ်ရှင်ဘက်​က တောင်းဆိုချက်အားလုံးကို ပြေလည်အောင် ဆောင်ရွက်ပေးသွားမှာဖြစ်လို့ အလုပ်ရှင် အလုပ်သမား အငြင်းပွား​နေမှုတွေကို အဆင်​​ပြေ​အောင်​​ ဆောင်​ရွက်​​ပေးသွားမယ်​လို့ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ရှေ့မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်​။ လုပ်​သက် ၁၀ နှစ်​​ကျော်ပြီဖြစ်​တဲ့ မီကိုစက်ရုံအလုပ်သမား ကိုထက်အောင်က “ကျနော်တို့ အလုပ်ပိတ်ရက်တွေမှာ အများပြည်သူ ခံစားခွင့်ရမယ့်ဟာကို မရဘူး​လေ။ ပြီးရင် နိုင်ထက်စီးနင်း လုပ်တာတွေကလည်း အရမ်းများတယ်။ ဖိအားပေးတာတွေ အဲ့ဒါတွေ လက်မခံနိုင်ဘူး။ ကျနော်တို့လုပ်လာတာ လုပ်သက်လည်းကြာလှပြီ ခံစားခွင့်တွေ လိုချင်တယ်။ မ​ပေးဘူး။ မရဘူး။ ဒါ့ကြောင့် သပိတ်မှောက် ဆန္ဒပြကြရတာ” လို့ ပြောပါတယ်။ အချိန်ပိုကြေး​တွေ အပြည့်အဝရရှိရေး၊ ဥပဒေနဲ့မညီတဲ့ ဒဏ်ကြေးတွေ ဖြတ်တောက်တာ မပြုရေး၊ အလုပ်သမား​တွေကို ကိုယ်ထိလက်ရောက်မပြုရေး စတဲ့အချက်​​တွေကို တောင်းဆိုခဲ့ကြပါတယ်​။ အလုပ်သမားတဦးဖြစ်တဲ့ မမျိုးမျိုးလှိုင်က “အခု ကျမတို့ရဲ့ တောင်းဆိုချက်​တွေကို အလုပ်ရှင်ဘက်က အကုန်လိုက်လျောတာ ဝမ်းသာပါတယ်။ ကျမတို့လည်း ကိုယ်ရသင့် ရထိုက်တာနဲ့ ကိုယ့်အလုပ်ခွင်ထဲမှာ ပျော်ပျော်ရွှင်ရွှင် လုပ်ချင်တယ်​​။ ပြီး​တော့ သား​ပြော မယား​ပြော​တွေ လုပ်​တာ​တွေကျ မဖြစ်​သင့်​ဘူး၊ ခုဟာက အလုပ်သမားရပိုင်ခွင့်ကို ထိခိုက်လာလို့ တောင်းဆိုတာပါ” လို့ ပြောပါတယ်​။ အလုပ်သမား ညှိနှိုင်းဖျန်​​ဖြေ​ရေးအဖွဲ့နဲ့အတူ သက်​ဆိုင်​ရာ အလုပ်​သမားအဖွဲ့အစည်းတွေ၊ ပြည်​ကြီးတံခွန်​မြို့နယ်​ မြို့နယ်အုပ်​ချုပ်​​ရေးမှူးတွေက ဝင်​​ရောက်​ညှိနှိုင်း​ပေးခဲ့ကြတာ ဖြစ်​ပါတယ်​။
3 years Ago
Up