မိကျောင်းကြီး တွေ့ရှိ

September 3, 2017

မုန်တိုင်းကြောင့် ထမင်းစားခန်းအတွင်း မိကျောင်းကြီး တွေ့ရှိ

အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ် ဟူစတန်မှာ တိုက်ခတ်သွားတဲ့ ဟာရီကိန်းဟာဗေး မုန်တိုင်းကြောင့် နေအိမ်ကနေ ရှောင်တိမ်းထွက်ပြေးရတဲ့ လူတဦး အိမ်ကိုပြန်လာတဲ့အချိန်မှာ ၉ ပေအရှည် မိကျောင်းကြီးကို အိမ်ရဲ့ထမင်းစားခန်းထဲတွေ့လို့ အံ့သြတုန်လှုပ်သွားတယ်လို့ ဆိုပါတယ်။ စက်တင်ဘာလ ၁ ရက်နေ့မှာ မုန်တိုင်းရှောင်ပြီး အိမ်ပြန်ရောက်လာတဲ့ ဘရိုင်ယန်ဖောစတာက မိကျောင်းကြီး သူ့အိမ်ထဲ ရောက်နေတာကို တွေ့တာလို့ဆိုပါတယ်။ ဖောစတာနဲ့မိသားစုဝင်တွေက မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ အပျက်အစီးတွေကို ရှင်းလင်းဖို့ အိမ်တွင်းလှည့်လည်ကြည့်စဉ် ၉ ပေအရှည်မိကျောင်းကြီးက ထမင်းစားခန်းထဲမှာ ငြိမ်ပြီးလှဲလျောင်းနေတာ တွေ့လို့ ဖောစတာက ဟာရစ်ကောင်တီရဲတွေကို ချက်ခြင်းခေါ်ခဲ့တာပါ။ အဲဒီနောက်တောရိုင်းတိရစ္ဆာန်စောင့်ရှောက်ရေး အဖွဲ့ဝင်တွေ ရောက်လာပြီး မိနစ် ၂၀ အတွင်း မိကျောင်းကြီးကို ဖမ်းသွားတယ်လို့ ဆိုပါတယ်။ မိကျောင်းကြီးကို သူတို့ရဲ့သဘာဝနေရာတွေဆီ ပြန်ပို့လိုက်တယ်လို့ အေဘီစီသတင်းက ထုတ်ပြန်ထားပါတယ်။ တက်ဆက်ပြည်နယ်မှာ မုန်တိုင်းကြောင့် မိကျောင်းတွေ နေရာအနှံ့ ရောက်လာတဲ့အထဲက ဒီအဖြစ်က တခုဖြစ်ပြီး တက်ဆက် အာဏာပိုင်တွေကလည်း ကြောက်ရွံ့နေတဲ့ မိချောင်းတွေ အိမ်အပြင်တွေနဲ့ ကားအောက်တွေ ရောက်လာတယ်လို့ အစောပိုင်းက သတိပေးထားပါတယ်။ ရာသီဥတုဒဏ်ကြောင့် ဘာလုပ်ရမှန်းမသိတဲ့ မိချောင်းတွေက ရေကြီးလို့ ကုန်းမြင့်ရာနေရာတွေဆီ ရောက်လာတာလို့လည်း အာဏာပိုင်တွေက ပြောကြောင်း မေရာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up