မိကျောင်းမျက်ရည်၊ သြဇာကြီးမားသူနှစ်ဦး၏ မြေယာအငြင်းပွားမှု

October 13, 2017

မိကျောင်းမျက်ရည်၊ သြဇာကြီးမားသူနှစ်ဦး၏ မြေယာအငြင်းပွားမှု

(စုံစမ်းထောက်လှမ်း အထူးသတင်းဆောင်းပါး) မြန်မာအစိုးရဆက်ဆက် မြေယာစီမံခန့်ခွဲမှုကောင်းကောင်း မလုပ်နိုင်ခဲ့ပါဘူး။ အားပျော့တဲ့ အစိုးရ ထိန်းချုပ်ရေးစနစ်တွေနဲ့ အဂတိလိုက်စားမှုတွေက လူတွေ မြေအငြင်းပွားမှုမှာ ပါဝင်လာအောင် လမ်းဖွင့်ထားသလို ဖြစ်နေပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ မြေယာပြဿနာ တိုင်ကြားလွှာပေါင်း ၅၀၀၀ ကျော် လက်ခံရရှိထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရက ပြောထားပါတယ်။ ဒီမြေယာပြဿနာ ထောင်ပေါင်းများစွာထဲကမှ စိတ်ဝင်စားစရာ မြေအငြင်းပွားမှုတခုအကြောင်းကို ဒီဗွီဘီရဲ့ “မိကျောင်းမျက်ရည်” ရုပ်သံမှတ်တမ်းမှာ စုံစမ်းဖော်ထုတ် တင်ပြထားပါတယ်။ အငြင်းပွားသူနှစ်ဦးကတော့ လူသိများတဲ့ စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်တဲ့ ဇေကမ္ဘာ ဦးခင်ရွှေနဲ့ မိုးကုတ်မြို့က ကျောက်မျက်လုပ်ငန်းရှင် ဒေါ်စိန်ထွေးတို့ဖြစ်ပြီး အငြင်းပွားနေတဲ့ မြေကွက်ကတော့ မင်္ဂလာဒုံမြို့နယ် အမှတ် ၃ လမ်းမကြီးပေါ်မှာ တည်ရှိပါတယ်။ ဒီမြေအငြင်းပွားမှုဟာ ၂၀၁၄ ခုနှစ်ကတည်းက စတင်ခဲ့တာပါ။ ဒီကိစ္စ ပြီးခဲ့တဲ့ ပထမအကြိမ် လွှတ်တော်သက်တမ်းတုန်းက အမျိုးသားလွှတ်တော်မှာ အဆိုတင်သွင်းခဲ့သလို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကလည်း စုံစမ်းစစ်ဆေးခဲ့ပါတယ်။ သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်က စတင်ခဲ့တဲ့ ဒီမြေအငြင်းပွားမှုဟာ ၂၀၁၆ အန်အယ်လ်ဒီ အစိုးရသစ် တက်လာပြီးနောက်ပိုင်းအချိန်အထိ ဆက်လက်အငြင်းပွားနေဆဲ ဖြစ်ပါတယ်။ ဒီမြေအငြင်းပွားမှုနဲ့ ပတ်သက်ပြီး ဇေကမ္ဘာ ဦးခင်ရွှေကတော့ “စိတ်အနှောင့်အယှက်တွေ၊ အမြဲတမ်း ဒါကိုပဲ စဉ်းစားနေရတဲ့သဘောမျိုး ဖြစ်နေတယ်။ စီပွားရေးထပ်ပြီး မလုပ်နိုင်ဘူး” လို့ ပြောပါတယ်။ ဒီမြေရဲ့ရာဇဝင်ကို အစကနေပြန်ကြည့်ရရင် မင်္ဂလာဒုံမြို့နယ် သင်္ကန်းကျွန်းကြီးကျေးရွာအပိုင် ဒီမြေကြီးဟာ မူလက လယ်မြေဖြစ်ပါတယ်။ စိုက်ပျိုးနေတဲ့ လယ်သမားတွေအနက် အနည်းငယ်ကသာ လယ်မြေပိုင်ဆိုင်မှု အထောက်အထား ရှိပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ် ၃၀ အထိကတော့ ပြဿနာ တစုံတရာ မရှိသေးပါဘူး။ ၁၉၉၀ ပြည့်နှစ်မှာတော့ နဝတအစိုးရက အခုအငြင်းပွားနေတဲ့နေရာ ကွင်းအမှတ် ၅၃၄-ဘီ အပါအဝင် လယ်မြေဧကပေါင်း ၁၇,၀၀၀ ကျော်ကို သိမ်းယူခဲ့ပါတယ်။ လယ်မြေတွေပေါ်မှာ အိမ်ယာစီမံကိန်းတွေ ဆောက်ဖို့ ရည်ရွယ်ခဲ့တာကြောင့် လန-၃၉ ကို ၁၉၉၇ ခုနှစ်မှာ အိုးအိမ်ဦးစီးဌာနက ထုတ်ပေးခဲ့ပါတယ်။ ဒါကြောင့် ဒီလယ်မြေတွေပေါ်မှာ အိမ်ယာတွေ၊ စက်မှုဇုန်တွေ တည်ထောင်နိုင်ပြီ ဖြစ်ပါတယ်။ အဲဒီ သိမ်းဆည်းထားတဲ့ လယ်မြေတွေထဲက ဧကပေါင်း ၁၀၀၀ ကျော်မှာ မင်္ဂလာဒုံ ဥယာဉ်မြို့တော် စီမံကိန်းလုပ်ကိုင်ခွင့်ကို ဇေကမ္ဘာကုမ္ပဏီက ၁၉၉၇ အောက်တိုဘာမှာ  ရရှိခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလုပ်ကိုင်ခွင့်ရတဲ့ မြေတွေထဲမှာ အခုအငြင်းပွားနေတဲ့ မြေတော့ မပါဝင်သေးပါဘူး။ ဦးခင်ရွှေက “Project အနေနဲ့က အန်ကယ့် Project ဆိုပြီး သတ်မှတ်ပေးလိုက်တယ်။ အဲဒီကနေပြီး phrase by phrase လုပ်တယ်။ လန-၃၉ ရတာကတော့ အိုးအိမ်ဦးစီးဌာနအနေနဲ့ ၉၇ မှာ ရတယ်။ ၂၀၀၀ ခုနှစ်မှာ မြေသိမ်းပါမစ်ဆိုပြီးတော့ အိုးအိမ်ဦးစီးဌာနက မြို့နယ်တို့၊ တိုင်းတို့၊ ခရိုင်တို့ ရေးပြီးပြီဆိုတော့ ဒီ Project ကြီးက အန်ကယ့်အတွက် လျာထားတဲ့ အစိုးရမြေပဲပေါ့။ အဲဒီမှာ အန်ကယ်က လျှောက်လွှာတင်ပြီးရင် ငွေသွင်းရတယ်လေ” လို့ ပြောပါတယ်။ ဇေကမ္ဘာကုမ္ပဏီ လုပ်ခွင့်ရတဲ့ ဒီစီမံကိန်းကြီးမှာ စက်မှုဇုန်တွေ၊ အိမ်ယာစခန်းတွေ၊ ကျယ်ဝန်းတဲ့ဂေါက်ကွင်း၊ ရုံးခန်းတွေနဲ့ ကုန်သွယ်စီးပွားလုပ်ကိုင်မယ့် အစီအစဉ်တွေ ပါဝင်ပါတယ်။ မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ အကွက်ကတော့ ကွင်းအမှတ် ၅၃၄-ဘီ ဖြစ်ပါတယ်။ ဒီနေရာမြေကွက်အနီးက အမှတ် ၃ လမ်းမကြီးဟာ ရန်ကုန်မြို့ရဲ့ ထွက်ပေါက်တခုဖြစ်သလို စီးပွားရေးလုပ်ငန်းတွေလည်း ရှိတာကြောင့် အိမ်ခြံမြေဈေးကောင်းတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။ ၄၃ ဧကကျော် ကျယ်ဝန်းတဲ့ ဒီမြေကွက်ဟာ ကာလပေါက်ဈေး အမေရိကန်ဒေါ်လာ သန်း ၂၀၀ လောက်ရှိမယ်လို့ အိမ်ခြံမြေလုပ်ငန်းကျွမ်းကျင်သူတွေက ခန့်မှန်းပါတယ်။ အိမ်ခြံမြေအသင်းက ဒေါ်အေးအေးညွန့်က “ပိုပြီးတော့ ကောင်းလာမယ်လို့ထင်တယ်။ ဒီ အမှတ် ၃ လမ်းမကြီးဘေးတင်ဆိုတော့ နေရာကလည်း အစားထိုးလို့ မရတဲ့အတွက်ကြောင့် ဒီနေရာလေးတွေက ဈေးလေးတွေ တက်မယ်ထင်တယ်” လို့ ပြောပါတယ်။ ဇေကမ္ဘာ ဦးခင်ရွှေဟာ မင်္ဂလာဒုံဥယျာဉ်စီမံကိန်းနဲ့ တဆက်တည်း ကွင်းအမှတ် ၅၃၄-ဘီကို ရယူပြီး အပန်းဖြေနေရာတွေ၊ ဈေးဝယ်စင်တာတွေ ဆောက်လုပ်ချင်နေပါတယ်။ ဒီအချိန်မှာ ဒေါ်စိန်ထွေးကလည်း ကျောက်မျက်ရတနာစက်ရုံနဲ့ အိမ်ယာစီမံကိန်းတွေ ဆောက်ဖို့ ဒီမြေကွက်နေရာကို အလိုရှိလာပါတယ်။ ၂၀၁၀ စက်တင်ဘာမှာတော့ ကျောက်မျက်ရတနာစက်ရုံ ဆောက်လုပ်ဖို့ ၄၅ ဧက ဝယ်ယူခွင့်ရဖို့ ဒေါ်စိန်ထွေးက ဆောက်လုပ်ရေးဝန်ကြီးဌာနဆီ လျှောက်ထားခဲ့ရာမှာ ပယ်ချခံခဲ့ရပါတယ်။ ဒါပေမယ့် ဒေါ်စိန်ထွေးကို ပယ်ချခံရပြီး ၂ လအကြာမှာတော့ ဆောက်လုပ်ရေးဝန်ကြီးဌာနဟာ အဲဒီနေရာမှာ Commericial Area ဆောက်လုပ်ဖို့အတွက် ဇေကမ္ဘာကုမ္ပဏီကို ခွင့်ပြုလိုက်ပါတယ်။ ၂၀၁၁ မတ်လ ၂၉ ရက်နေ့မှာ အိုးအိမ်ဦးစီးဌာနနဲ့ ဇေကမ္ဘာကုမ္ပဏီတို့ စီမံကိန်း နောက်ဆက်တွဲ သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။ မြေဧရိယာ ၄၃ ဧကအတွက် ကျပ်သိန်း ၁၉၀၀ ကျော် ပေးသွင်းပြီး နှစ် ၆၀ ဂရမ်ကို ၂၀၁၃ ဒီဇင်ဘာမှာ ဦးခင်ရွှေ ရရှိသွားပါတယ်။ ဒါပေမယ့် ဒေါ်စိန်ထွေးကလည်း အလွယ်တကူ လက်မလျော့သေးပါဘူး။ ၂၀၁၄ ဇန်နဝါရီမှာ ဒေါ်စိန်ထွေးဟာ မြေကွက်ပိုင်ဆိုင်ခွင့်ရဖို့ နောက်ထပ် ကြိုးပမ်းလာပါတယ်။ ဒီတကြိမ်မှာတော့ သူဟာ အဲဒီမြေကွက်ကို ဥယျာဉ်ခြံမြေအဖြစ် ပြောင်းလဲအသုံးပြုခွင့်ပေးဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရဆီမှာ လျှောက်ထားခဲ့တာပါ။ အဲဒီလျောက်ထားချက်ကို ကျေးရွာ၊ မြို့နယ်၊ ခရိုင်အဆင့်ဆင့်က ထောက်ခံချက်တွေ ပေးထားခဲ့ပါတယ်။ လျှောက်ထားရာမှာ အဲဒီမြေတွေကို သူပိုင်ဆိုင်ကြောင်း အထောက်အထားတွေပါ တင်ပြလာပါတယ်။ ဒေါ်စိန်ထွေးဟာ လယ်မြေ ၁ ဧကကို ကျပ် ၂ သိန်းနှုန်းနဲ့ လယ်သမား ၉ ဦးစီကနေ တဆင့် ၂၀၀၆ ဒီဇင်ဘာ ၁ ရက်နေ့ တရက်တည်းမှာ ဝယ်ယူခဲ့တာဖြစ်ပါတယ်။ အဲဒီရက်စွဲဟာ သတိထားမိစရာ ဖြစ်နေပါတယ်။ ဒီမြေတွေကို ၁၉၉၀ ကတည်းက အစိုးရက သိမ်းယူခဲ့ပြီးဖြစ်ပေမယ့် လယ်သမားတွေဟာ ဒေါ်စိန်ထွေးကို ဒီမြေတွေ ဘယ်လိုမျိုး တဆင့်ပြန်ရောင်းနိုင်ခဲ့သလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ဒါကြောင့် ဒေါ်စိန်ထွေးဘက်က တုံ့ပြန်ချက်ကို ဒီဗွီဘီက ဖော်ပြချင်တာကြောင့် အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် ဒေါ်စိန်ထွေးဘက်က တွေ့ဆုံမေးမြန်းခွင့် မပေးသလို   ဆက်သွယ်စကားပြောလိုတဲ့ ဆန္ဒလည်း ရှိပုံမရပါဘူး။ ဒါကြောင့် ဒီဗွီဘီက ရရှိထားတဲ့ ရာနဲ့ချီတဲ့ စာရွက်စာတမ်း အထောက်အထားတွေအပေါ်မှာ အခြေခံပြီး ဆက်လက်ရေးသားခဲ့ရပါတယ်။ ဒေါ်စိန်ထွေးဟာ ဥယျာဉ်ခြံမြေအဖြစ် ပြောင်းလဲအသုံးပြုဖို့ စောင့်ဆိုင်းနေတုန်းမှာပဲ ကွင်းအမှတ် ၅၃၄-ဘီကို သူပိုင်ဆိုင်တယ်လို့ အခိုင်အမာ ပြောနေဆဲပါ။ ဒါပေမယ့် ဦးခင်ရွှေကတော့ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ သဘောတူ စာချုပ် ချုပ်ဆိုထားတဲ့အတွက် အဆောက်အဦတွေ စတင်ဆောက်လုပ်ချင်နေပါပြီ။ ဒါကြောင့် ဇေကမ္ဘာကုမ္ပဏီဟာ ကွင်းအမှတ် ၅၃၄-ဘီ ပတ်ပတ်လည်မှာ ခြံစည်းရိုးခတ်ဖို့ ပြင်ဆင်ခဲ့ပါတယ်။ ဒါကိုတားမြစ်ဖို့ ဒေါ်စိန်ထွေးက မြို့နယ်အုပ်ချုပ်ရေးမှူးဆီ ကန့်ကွက်စာပေးပို့သလို မိတ္တူကို ရန်ကုန်တိုင်းအစိုးရနဲ့ မြို့နယ်ရဲတပ်ဖွဲ့ဆီကိုလည်း ပေးပို့ခဲ့ပါတယ်။ ၂၀၁၄ ဇန်နဝါရီ ၄ ရက် နေ့စွဲနဲ့ စာထဲမှာ ဒေါ်စိန်ထွေးရဲ့ စာရွက်စာတမ်းတွေမှာပါတဲ့ မြေတိုင်းအမှတ်၊ ကွင်းအမှတ်၊ ဦးပိုင်အမှတ်တွေနဲ့ ဇေကမ္ဘာဘက်က တင်ပြထားတဲ့ မြေကွက်အမှတ်တွေ မတူပေမယ့် မြေဧရိယာပြမြေပုံမှာတော့ မြေကွက်ဟာ တခုတည်းဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။ ဒေါ်စိန်ထွေးကတော့ ဇေကမ္ဘာကုမ္ပဏီက ခတ်နေတဲ့ ခြံစည်းရိုးကို ဖယ်ရှားစေချင်တာကြောင့် စာမိတ္တူကို ဇေကမ္ဘာကုမ္ပဏီကိုလည်း ပေးပို့ခဲ့ပါတယ်။ ခြံစည်းရိုးပြဿနာနဲ့ ပတ်သက်ပြီး ဦးခင်ရွှေက “၂၀၁၂ မှာ Project ကြီးကို စလုပ်တော့မယ်ဆိုပြီး ခြံစည်းရိုးကာတယ်။ ပြီးတော့မှ စလုပ်ဖို့အတွက်ကို အိုးအိမ်ကနေ ဂရန်ထုတ်တယ်။ ဘာကြောင့် ဂရန်ထုတ်လဲဆိုတော့ ဂရန်ရမှ စည်ပင်သာယာတင်လို့ရမယ်။ အဲဒီအချိန်ကစပြီးတော့ ဒီနေရာကို ဒေါ်စိန်ထွေးက သူပိုင်ဆိုင်ပါတယ်ဆိုပြီး ပြဿနာ စဖြစ်တာပဲ” လို့ ပြောပါတယ်။ အဆိုပါ ကွင်းအမှတ် ၅၃၄-ဘီ ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး အငြင်းပွားမှု ပေါ်ပေါ်ထင်ထင် ဖြစ်လာပါပြီ။ သြဇာတိက္ကမကြီးမားသူ နှစ်ဦးရဲ့ ထိပ်တိုက်တွေ့မှုလည်း ဖြစ်ပါတယ်။ ဒီအငြင်းပွားမှု ကြီးထွားကျယ်ပြန့်လာပြီး ဦးခင်ရွှေဟာ အမျိုးသားလွှတ်တော် ပြည်သူတို့ရဲ့ တိုင်ကြားလွှာကော်မတီကို စတင် တိုင်ကြားပါတော့တယ်။ တိုင်ကြားတာကို လက်ခံပြီးနောက် ၂၀၁၄ မတ်လ ၃၁ ရက်နေ့မှာတော့ အဲဒီအချိန်က ဆောက်လုပ်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးစိုးတင့်က မေးခွန်းတွေကို လွှတ်တော်မှာ လာရောက် ဖြေကြားခဲ့ပါတယ်။ ဦးခင်ရွှေဟာ ကွင်းအမှတ် ၅၃၄-ဘီ မြေကွက်ကို Commercial အသုံးပြုခွင့် ရရှိထားတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက အတည်ပြုပေးထားခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ပြည်သူတို့ရဲ့ တိုင်ကြားစာကော်မတီကလည်း စုံစမ်းမှုတွေ လုပ်ပြီးနောက် အဂတိလိုက်စားမှုတွေ ရှိနိုင်တယ်လို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဆီကို အစီရင်ခံစာ ပေးပို့ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးခင်အောင်မြင့်ကို သူ့ရဲ့နေအိမ်မှာ ဒီဗွီဘီက သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ရာမှာ ဦးခင်အောင်မြင့်က “တိုင်ကြားစာကော်မတီဆိုပြီးတော့ ဖွဲ့လိုက်တယ်။ ပြည်သူတွေ တိုင်ကြားနိုင်အောင်ပေါ့။ ဦးခင်ရွှေက တိုင်တယ်ပေါ့။ ဒီကော်မတီကို တိုင်တယ်။ ကော်မတီက ကွင်းဆင်းစစ်ဆေးချင်ပါတယ်ဆိုတော့ ခွင့်ပြုလိုက်တယ်။ ဒီကော်မတီကနေပြီးတော့ ဥက္ကဋ္ဌဆီကို Report တက်တယ်ပေါ့။ ဒီရီပို့စ်ထဲမှာ မှတ်ချက်က အဂတိလိုက်စားမှု တစုံတရာ ရှိနိုင်တယ်ဆိုပြီးတော့ မှတ်ချက်ပါတယ်” လို့ အတည်ပြုပြောပါတယ်။ ဒီစီမံကိန်းမြေ ၅၃၄-ဘီ အငြင်းပွားမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့  အမျိုးသားလွှတ်တော်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို တာဝန်ပေးအပ်ခဲ့ရာမှာ ကော်မရှင်ရဲ့ ၁၈ ရက်ကြာ စုံစမ်းချက်တွေအရတော့ ဒီအငြင်းပွားမှုမှာ အဂတိလိုက်စားမှုတွေ ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် ဒီအမှုနဲ့ပတ်သက်ပြီး ကော်မရှင်အနေနဲ့ ဘယ်လိုစုံစမ်းစစ်ဆေးခဲ့တယ်၊ ဘာတွေတွေ့ရှိခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး ဒီဗွီဘီက မေးမြန်းဖို့အတွက် ကော်မရှင်ရုံးကို ကိုယ်တိုင်သွားရောက် စာပေးပို့ခဲ့ပါတယ်။ ဒါပေမယ့် ကော်မရှင်ဘက်ကတော့ တွေ့ဆုံမေးမြန်းခွင့် အပေါ်မှာ အကြောင်းမပြန်ခဲ့ပါဘူး။ ဒါပေမယ့် ကော်မရှင်ရဲ့ အစီရင်ခံစာကို ဖတ်ရှုခွင့်ရခဲ့သူ အရင်အစိုးရလက်ထက်က နိုင်ငံရေး၊ စီးပွားရေးနဲ့ ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌ ဦးမြင့်သိန်းက “သူတို့ စစ်တဲ့လူက လူ ၄၀ ကျော်တယ်လို့ ပြောတယ်။ တဦးချင်းရဲ့ လုပ်ဆောင်ချက်တွေကို သူတို့က လုပ်တဲ့အခါကျတော့ အဲဒီမှာ အဂတိလိုက်စားမှုတွေ ရှိတယ်လို့ တွေ့တယ်” လို့ ပြောပါတယ်။ သာမန်အားဖြင့်ဆိုရင်တော့ ဒီလို လျှောက်ထားမှုတွေကို ကျေးရွာ၊ မြို့နယ်ကနေ တိုင်းဒေသကြီးဆီကို အဆင့်ဆင့် လျှောက်ထားရမှာပါ။ ဒါပေမယ့် ဒေါ်စိန်ထွေးက ရန်ကုန်တိုင်းအစိုးရဆီကို တိုက်ရိုက်လျှောက်ထားခဲ့ပါတယ်။ ရန်ကုန်တိုင်းအစိုးရဟာ ဒေါ်စိန်ထွေးရဲ့ လျှောက်ထားချက်အပေါ် သက်ဆိုင်ရာ လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့တွေရဲ့ သဘောထားတွေကို မေးမြန်းလိုက်ပါတယ်။ အဲဒီအချိန်မှာ ခရိုင်နဲ့ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းတွေက အစည်းအဝေးမှတ်တမ်း အတုတခု ပြုလုပ်ပြီး မြေကင်းရှင်းကြောင်း ထောက်ခံချက်တွေ ပေးခဲ့ပါတယ်။ ဦးမြင့်သိန်းက “စစ်လိုက်တဲ့အခါကျတော့ တကယ့် အစည်းအဝေးလုပ်ထားတာ မဟုတ်ဘူး။ အစည်းအဝေး မှတ်တမ်းရေးပြီးတော့မှ တဦးချင်း လိုက်လက်မှတ်ထိုးခိုင်းတာ။ ဒီလို နေ့ချင်းပြီး တက်သုတ်ရိုက် ဆောင်ရွက်ပေးတယ်။ အစိုးရအဖွဲ့ရုံးဆိုတာ စားပွဲတခုက စားပွဲတခုကို စာရွက်သွားဖို့ကို ဘယ်လောက် နှောင့်နှေးကြန့်ကြာ ဖြစ်တယ်ဆိုတာ။ ဒါကြောင့်မို့လို့ ကြိုးနီစနစ် ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုတဲ့ ဝေဖန်မှုတွေ ရှိတယ်။ ဒီလိုအခြေအနေမျိုးမှာတောင် သူက တနေ့တည်းနဲ့ပြီးအောင် မြို့နယ်မှာ ဆောင်ရွက်ပြီးတော့ ခရိုင်တင်တယ်၊ ခရိုင်ကနေ တိုင်းကို တင်တယ်။ ဒါဆိုရင် ဒီမှာ တစုံတရာ အဂတိလိုက်စားမှု ရှိပြီ” လို့ ပြောပါတယ်။ အဂတိလိုက်စားမှုကော်မရှင်က စစ်ဆေးမေးမြန်းရာမှာ ဝန်ထမ်းတွေဘက်ကတော့ အထက်က ဖိအားပေးတဲ့အတွက် ခုလိုဆောင်ရွက်ရတာလို့ ပြန်လည်ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။ “အထက်ကဆိုတာကတော့ ဒီလယ်ယာမြေနဲ့ ပတ်သက်ပြီးတော့ လယ်ယာမြေကို တခြားနည်း အသုံးပြုရင်ဆိုတဲ့ဟာ အရင်တုန်းက ပုဒ်မ ၃၇၊ အခု နောက် ၂၀၁၂ လယ်ယာမြေဥပဒေအရ ပုဒ်မ ၂၉၊ ၃၀။ အဲဒီအရဆိုရင် တိုင်းရဲ့အဆုံးအဖြတ်က အပြီးအပြတ်ပဲ။ ဆက်ပြီးတက်စရာ အခြေအနေမျိုး မရှိတော့ဘူး ဖြစ်လာတယ်။ ဒါကြောင့်မို့လို့ အထက်က ဖိအားဆိုတဲ့ ကိစ္စက တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ရည်ညွှန်းတယ်လို့ သဘောပေါက်ပါတယ်” လို့ ဦးမြင့်သိန်းက ပြောပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စစ်ဆေးတွေ့ရှိခဲ့တဲ့ အချက်တွေအပေါ် ရှေ့နေချုပ်ရုံးဆီက အကြံဉာဏ် တောင်းခံခဲ့ပါတယ်။ အစည်းအဝေးမှတ်တမ်း အတုလုပ်ခဲ့တဲ့ ဝန်ထမ်း ၉ ဦးကို အရေးယူဖို့ အကြံပြုခဲ့ပေမယ့်လည်း ၂ ဦးကိုပဲ အရေးယူနိုင်ခဲ့ပါတယ်။ ဦးခင်အောင်မြင့်က “ရှေ့နေချုပ်ဆိုတာက နိုင်ငံတော်အစိုးရရဲ့ ဥပဒေအကြံပေးပဲ၊ သမ္မတရဲ့ ဥပဒေအကြံပေးပဲ၊ အဓိကက၊ သူ့မှတ်ချက်ကို တန်ဖိုးထားဖို့ လိုတာပေါ့လေ။ ဒီလိုတွေ အရေးယူပါဆိုရင် အရေးယူရမယ့် အတိုင်းအတာကို စဉ်းစားရမယ်။ ဘယ်လောက်ကြီးမားတဲ့ ကိစ္စလဲ၊ ဘယ်လောက်သေးမွှားတဲ့ ကိစ္စလဲ။ အဲဒီအတိုင်းအတာနဲ့ ထိရောက်အောင် အရေးယူရမယ်။ ဝန်ထမ်းတွေက ဟုတ်သည်၊ မဟုတ်သည်တော့ မသိပါဘူး၊ အထက်ကခိုင်းလို့ လုပ်ရသည်ဆိုတဲ့ အသံမျိုး ထွက်တယ်ဆိုတာမျိုး ကြားတော့ အဲဒီလို အထက်ဆိုတာ ဘယ်သူလဲ၊ Clean Government လို့ ပြီးခဲ့တဲ့ အစိုးရက စစချင်းမှာ တရားဝင်ကြေညာထားတာပဲလေ။ Clean Government, Good Governance ဆိုတော့ ကိုယ် ပြောထားတဲ့စကားကို တည်အောင်တော့ လုပ်ရမှာပေါ့” လို့ ပြောပါတယ်။ တပြိုင်နက်တည်းမှာပဲ ဒေါ်စိန်ထွေးရဲ့ လျှောက်ထားချက်ကို ခွင့်ပြုသင့်တယ်ဆိုပြီး တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကို ၂၀၁၄ ဇွန်လ ၅ ရက်နေ့မှာ အကြံပြုထောက်ခံခဲ့ပါတယ်။ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ကတော့ ဒေါ်စိန်ထွေးရဲ့ လျှောက်ထားမှုကို ခွင့်မပြုသေးသလို ပယ်ချမှုကိုလည်း မလုပ်သေးပါဘူး။ ဒီလိုအခြေအနေမှာပဲ ဇေကမ္ဘာ ဦးခင်ရွှေကတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရနဲ့ ထိပ်တိုက်တွေ့နေပါပြီ။ ဦးခင်ရွှေက “အဲဒီအတုအပေါ်မှာမှ အတုကို အခြေခံပြီးတော့ ဗဟိုလယ်ယာမြေကို တင်တယ်ဆိုတော့ အဲဒီ ရန်ကုန်တိုင်းတတိုင်းလုံးကို ထိပ်ကနေစပြီး အောက်ကနေ မသမာမှုချည်းပဲ။ ပထမ ရဲစခန်းသွားပြီးတော့ တိုင်တယ်။ ဒေါ်စိန်ထွေး စာရွက်စာတမ်းတွေ အတုလုပ်တယ်ဆိုပြီးတော့။ ရဲစခန်းက ဒေါ်စိန်ထွေးရဲ့ စာရွက်စာတမ်တွေး စစ်ကြည့်တယ်။ သူ့ကို ခေါ်မေးတယ်။ အတုဖြစ်မှန်း သိရတယ်။ ရဲစခန်းသွားပြီး အမှုဖွင့်လို့မရဘူး။ ဒါနဲ့ မြို့နယ်မှာ ဦးတိုက်လျှောက်တယ်။ မြို့နယ်က ပယ်ချလိုက်တယ်။ နောက် ခရိုင်ကို သွားတယ်။ ခရိုင်သွားတဲ့ အချိန်မှာ ဥပဒေအကြံပေး မှတ်ချက်တွေက ဒါကြီးက မသမာမှုကြီး ဖြစ်နေတယ်။ ဒါပေမယ့် ပြန်ပယ်ချလိုက်တယ်” လို့ ပြောပါတယ်။ ၂၀၁၅ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာတော့ ဦးခင်ရွှေဟာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဆီကို မေတ္တာရပ်ခံစာ ပေးပို့ခဲ့ပါတယ်။ အဲဒီစာထဲမှာတော့ ကွင်းအမှတ် ၅၃၄-ဘီဟာ ဇေကမ္ဘာကုမ္ပဏီက ပိုင်ဆိုင်ကြောင်း အသိအမှတ်ပြုပေးဖို့နဲ့ စီမံကိန်းကို စတင်ဆောင်ရွက်ဖို့ လုံခြုံရေး လိုအပ်ကြောင်းတွေ ပါဝင်ပါတယ်။ တိုင်းအစိုးရဟာ ဇေကမ္ဘာကုမ္ပဏီကို ဖေဖော်ဝါရီ ၂၈ ရက်မှာ ဝန်ကြီးချုပ်ကိုယ်စား တိုင်းဒေသကြီး လယ်ယာစိုက်ပျိုးရေးနဲ့ မွေးမြူရေးဝန်ကြီး ဦးစိုးမင်းက အကြောင်းပြန်ကြားပါတယ်။ ကွင်းအမှတ် ၅၃၄-ဘီ ပိုင်ဆိုင်မှုကို စိစစ်နေဆဲဖြစ်ကြောင်းနဲ့ ခြံစည်းရိုးကာရံဖို့အတွက် လုံခြုံရေးတောင်းခံမှုနဲ့ ပတ်သက်ပြီး သီးခြားမှတ်ချက်ပေးရန်မရှိကြောင်း အကြောင်းပြန်စာမှာ ဖော်ပြပါတယ်။ ဒေါ်စိန်ထွေးကလည်း အောက်ခြေအဆင့် ဗျူရိုကရေစီယန္တရားကို ကျော်ပြီး သမ္မတရုံးဆီ တိုက်ရိုက် တိုင်စာပေးပို့ခဲ့ပါတယ်။ ဒီပြဿနာကို ဖြေရှင်းပေးဖို့ သင့်တော်တဲ့ အရေးယူမှုတွေ ဆောင်ရွက်ပေးဖို့ တောင်းဆိုထားပါတယ်။ ၄၃ ဧက ကျယ်ဝန်းတဲ့ မြေအငြင်းပွားမှု ဖြစ်ပေမယ့်လည်း နိုင်ငံတော်သမ္မတရုံးက ဒီစာကို အလေးအနက်ထားပုံ ပေါ်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းပေးဖို့အတွက် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကို လွှဲပေးလိုက်ပါတယ်။ စုံစမ်းမှုတွေ အပြီးမှာတော့ ချပေးပြီးသား လန-၃၉ ပြန်ရုပ်သိမ်းဖို့နဲ့ လန-၃၉ ရုပ်သိမ်းပြီးနောက် မြေစီမံခန့်ခွဲခွင့်ကို ရန်ကုန်တိုင်းအစိုးရကိုပေးဖို့ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က သမ္မတရုံးကို ၂၀၁၅ နိုဝင်ဘာ ၁၇ ရက်က အကြံပြုခဲ့ပါတယ်။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဟာ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ရဲ့ အကြံပေးချက်ကို ကြားတဲ့အခါမှာ အံ့သြသွားပါတယ်။ ဘာကြောင့်လဲဆိုတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ စစ်ဆေးတွေ့ရှိချက်အရ ဒီအငြင်းပွားမှုမှာ အဂတိလိုက်စားမှုတွေ ရှိနေတယ်ဆိုတာကို သိထားလို့ပါပဲ။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးခင်အောင်မြင့်က “၁၉၉၇ ခုနှစ်ကတည်းက အခြားနည်းသုံးစွဲခွင့် ချပေးလိုက်တယ်ဆိုရင် ဒီမြေတွေဟာ လယ်မြေမဟုတ်တော့ဘူး။ ဒါ ရှင်းသွားပြီ။ လယ်မြေ မဟုတ်တော့တာကို လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီ အဆင့်ဆင့်နဲ့ ရှင်းတယ်ဆိုကတည်းက လုပ်ထုံးလုပ်နည်း မှားတာပေါ့။ ဘာကြောင့်မှားလဲဆိုတာတော့ အဖြေမထွက်ဘူး။ အဂတိလိုက်စားမှုကြောင့်လား၊ ဆန္ဒကြောင့်လား၊ ဒေါသကြောင့်လား၊ ဘယာကြောင့်လား၊ မောဟကြောင့်လားဆိုတာ အဖြေမထွက်ဘူး။ ဒါကြောင့် မပြတ်တာပဲ” လို့ ပြောပါတယ်။ ဒီအကြောင်းကိစ္စတွေနဲ့ ပတ်သက်ပြီး အရင်အစိုးရအဖွဲ့မှာ ထိပ်ဆုံးတာဝန်ယူထားတဲ့ သမ္မတဟောင်း ဦးသိန်းစိန်ကို နှုတ်နဲ့တင်ပြခဲ့သလို ဒု-သမ္မတဟောင်း ဦးဉာဏ်ထွန်းထံကိုလည်း စာပေးပို့ခဲ့တယ်လို့ ဦးခင်အောင်မြင့်က ဆိုပါတယ်။ “စာပါအကြောင်းအရာ အသေးစိတ်တော့ မမှတ်မိတော့ဘူး။ အခုနက ပြောတဲ့အချက်တွေပဲ ရေးထားတာပဲ။ အခြေအနေမှန် သိအောင်ပေါ့နော်။ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကိုလည်း နှုတ်နဲ့ တင်ပြဖူးပါတယ်။ ဒီကိစ္စက ဒီလိုဖြစ်နေပါတယ်လို့။ ဦးဉာဏ်ထွန်းဘက်ကလည်း ပြန်လည်တုံ့ပြန်မှု မရှိပါဘူး။ အန်ကယ့်ကို တိုက်ရိုက်တုံ့ပြန်မှု မရှိပါဘူး။ လူချင်းတွေ့တဲ့အခါမှာ စာရတဲ့အကြောင်းနဲ့ သူတို့ ဆောင်ရွက်နေတဲ့ အကြောင်းလည်း ပြောပါတယ်။ ဦးသိန်းစိန်ကတော့ ကြည့်ပါဦးမယ်ဆိုပြီး ပြောပါတယ်။ ပြန်လည်စိစစ်ပါဦးမယ်လို့ ပြောပြီး ဦးဉာဏ်ထွန်းကို စိစစ်ခိုင်းတယ် ထင်တာပဲ။” အခုအချိန်အထိ ကွင်းအမှတ် ၅၃၄-ဘီ အငြင်းပွားမှုဟာ ရေရာသေချာတဲ့အဖြေ မထွက်သေးပါဘူး။ အစိုးရဌာနတွေရဲ့ လုပ်ထုံးလုပ်နည်း လွဲမှားတာတွေနဲ့ ဒီမြေအငြင်းပွားမှုမှာ ပါဝင်နေသူတွေရဲ့ ပြောပြတဲ့ အကျင့်ပျက် ခြစားမှုတွေကို မြင်တွေ့ခဲ့ရပြီးပါပြီ။ ထုတ်ပေးပြီးသား လန-၃၉ ကို ပြန်ရုပ်သိမ်းလို့ ရပါသလား။ ဆောက်လုပ်ရေးဝန်ကြီးဌာန လက်အောက်ခံ အိုးအိမ်ဦးစီးဌာနက ဦးအောင်ဇော်မြင့်ကတော့ “၁၉၅၂၊ လန-၃၉ အရ ထုတ်ပေးထားတယ်ဆိုတာက ၂၀၁၂ မှာ ပျက်ပြယ်နေသလားဆိုတော့ မပျက်ပြယ်ပါဘူး” လို့ ပြောပါတယ်။ ဒီကိစ္စဟာ ၂၀၁၅ ရွေးကောက်ပွဲရလဒ်နဲ့လည်း ဆက်စပ်နေပါတယ်။ သမ္မတ ဦးသိန်းစိန် အစိုးရဟာ ၂၀၁၆ မတ်လ ၃၀ ရက်မှာ သမ္မတဦးထင်ကျော် အစိုးရကို အာဏာလွှဲပေးလိုက်ပါတယ်။ အစိုးရအဟောင်းနဲ့ အသစ် အကူးအပြောင်းကာလဖြစ်တဲ့ ၂၀၁၆ မတ်လ ၃၁ ရက်နေ့မှာတော့ အစိုးရအရာရှိဟောင်းတွေဟာ အရင်က လုပ်ကိုင်ထားတာတွေကို လက်စသတ်ဖို့ ပြင်ဆင်လာကြပါတယ်။ ရုံးစာအထောက်အထားအရ အဲဒီ မတ်လ ၃၁ ရက်နေ့မှာပဲ ဇေကမ္ဘာကုမ္ပဏီကို ထုတ်ပေးထားတဲ့ အနှစ် ၆၀ ဂရန်ကို ပြန်ရုပ်သိမ်းဖို့ ရန်ကုန်တိုင်း လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး ဦးသန်းမြင့်က မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှု ဦးစီးဌာန ဒု-ညွှန်ကြားရေးမှူးဆီကို အကြောင်းကြားခဲ့ပါတယ်။ ဂရန်ရုပ်သိမ်းပြီးကြောင်းကိုလည်း ပြန်လည်တင်ပြဖို့လည်း ညွှန်ကြားထားပါတယ်။ ပြည်ထောင်စုအဆင့်က ထုတ်ပေးထားတာကို တိုင်းအဆင့်က ပုဂ္ဂိုလ်တယောက်ကနေ ရန်ကုန်မှာရှိနေတဲ့ အိုးအိမ်ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးတယောက်ကို ဂရန် ရုပ်သိမ်းလိုက်ပါ ဆိုပြီးတော့ ညွှန်ကြားလိုက်တာ ဖြစ်ပါတယ်။ အိုးအိမ်ဦးစီးဌာနက ဦးအောင်ဇော်မြင့်ကတော့ “လူတဦးကို ချထားပေးပြီးတဲ့ မြေငှားစာချုပ်တခုကို နောက်ထပ် လူတဦးတယောက်ကို ကျနော်တို့ ချထားပေးလို့ မရပါဘူးခင်ဗျ။ တကယ်လို့ လိုအပ်လာရင် ရှေ့က တဦးတယောက်ကို ချထားပေးတဲ့ မြေငှားစာချုပ်ကို ကျနော်တို့က ကာယကံရှင်ကိုယ်တိုင် ပြန်အပ်ရင်သော်လည်းကောင်း၊ နိုင်ငံတော်အကျိုးစီးပွား အလို့ငှာ ပြန်လည်သိမ်းဆည်းပြီးတော့မှသာ ကျနော်တို့ နောက်တယောက်ကို ချပေးရပါတယ်။ တဦးတယောက် ရုံးတွင်းအမိန့်လေးနဲ့တင် မဟုတ်ပါဘူး။ ရပ်ကွက်အဆင့် ကြေညာချက်တွေ ထုတ်တယ်။ မြို့နယ်အဆင့် ကြေညာချက်တွေ ထုတ်တယ်။ သက်ဆိုင်ရာ ကာယကံရှင်ကိုလည်း ကျနော်တို့ စာတွေ ပေးပို့တယ်ပေါ့နော်။ ပြီးမှပဲ ကျနော်တို့ ရုပ်သိမ်းတာ ဖြစ်ပါတယ်။ ကာယကံရှင် သိရှိပြီးမှပဲ ရုပ်သိမ်းလို့ရတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ ဦးခင်အောင်မြင့်က “အစိုးရတရပ်ရဲ့ ခွင့်ပြုပြီးသားကို နောက်အစိုးရက ဆက်ခံရမှာပဲ။ ဒီလို ခွင့်ပြုတယ်ဆိုတာကလည်း ဥပမာ ဂရန်ဆိုတာ စာချုပ်ပဲလေ။ အစိုးရနဲ့ ပြည်သူနဲ့ ချုပ်တဲ့ စာချုပ်ပဲ။ ဘယ်အစိုးရကမှ ဒါကို ပြန်မဖျက်ကောင်းဘူး။ ဒါကို ပြန်ပြီးတော့ နောက်တယောက်ရဲ့ အကျိုးစီးပွားအတွက် လက်ရှိ အာဏာရပုဂ္ဂိုလ်တွေက ဆောင်ရွက်မယ်ဆိုရင် ဒါက ပြည်သူရဲ့ ဘဝလုံခြုံမှု မရှိတော့ဘူးပေါ့” လို့ သုံးသပ်ပါတယ်။ ဒီဖြစ်ရပ်ကြောင့် နောင်အနာဂတ်မှာ နိုင်ငံတော်ရဲ့ စီးပွားရေးမှာ ရင်းနှီးမြှုပ်နှံမယ့် ပြည်တွင်းပြည်ပက စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ယုံကြည်မှု ပျောက်ဆုံးသွားနိုင်တယ်လို့လည်း ဦးခင်အောင်မြင့်က ပြောပါတယ်။ “တိုင်ကြားစာတိုင်တယ်။ တိုင်ကြားစာကော်မတီက စစ်တယ်။ တိုင်ကြားစာကော်မတီဥက္ကဋ္ဌ ဦးအောင်ငြိမ်းက လွှတ်တော်မှာ မေးခွန်းမေးတယ်။ ဆောက်လုပ်ရေး ဒု-ဝန်ကြီးက ဖြေတယ်။ ရှင်းရှင်းလင်းလင်း ဖြေတယ်။ ပြီးတော့ အဂတိလိုက်စားမှု ရှိနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်လည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ပို့တယ်။ ရှေ့နေချုပ်ကလည်း စာရင်းကြီးနဲ့ အရေးယူသင့်တယ်ပေါ့။ ဘယ်လောက် အရေးယူရမယ်ဆိုတာ မဖော်ပြပါဘူး။ ဆိုတော့ ဒါက ပြီးသွားလောက်ပြီလို့ ယူဆတာပေါ့နော်။ ဘာကြောင့်မပြီးသလဲဆိုတာ အန်ကယ်လည်း နားမလည်ဘူး။ နိုင်ငံတော်မှာ ဒီလိုမျိုး ဖြစ်မှာလည်း စိတ်ပူတယ်။ မဖြစ်စေချင်ဘူး။ သာမန်မြေကွက်လေးတကွက် ဆိုတာထက်ကို လုပ်ငန်းကြီး ဖြစ်နေတယ်ပေါ့နော်။ Projectကြီးတခု ဖြစ်နေတယ်။ အဲဒီလို Projectကြီးတွေကို ဒီလိုမျိုး ထိခိုက်တယ်ဆိုရင် နောင် နိုင်ငံတော်ရဲ့ စီးပွားရေးမှာ ရင်းနှီးမြှုပ်နှံနိုင်တဲ့ နိုင်ငံသားတွေ၊ နိုင်ငံခြားသားတွေ ယုံကြည်မှု ပျောက်ဆုံးသွားနိုင်တယ်။” ဒါတွေကတော့ ကွင်းအမှတ် ၅၃၄-ဘီ အငြင်းပွားမှုမှာ ဗျူရိုကရေစီ ခြစားမှုတွေနဲ့ မှားယွင်းတဲ့ လုပ်ထုံးလုပ်နည်းတွေအကြောင်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့နောက်ကွယ်မှာ ကြီးမားတဲ့ လုပ်ပိုင်ခွင့်တွေနဲ့ ကျယ်ပြန့်တဲ့ အဆက်အသွယ်ရှိမှုတွေ ဖြစ်နေပါတယ်။ ဒါကိုတော့ လက်ဆုပ်လက်ကိုင်ပြဖို့ ခက်ခဲပါတယ်။ ဒီအမှုရဲ့ အဓိကဇာတ်ကောင်တယောက်ဖြစ်တဲ့ ဒေါ်စိန်ထွေးနဲ့ ဒီဗွီဘီက တွေ့ဆုံမေးမြန်းနိုင်ဖို့ နောက်ဆုံးအကြိမ် ကြိုးစားတဲ့အနေနဲ့ မိုးကုတ်မြို့ကို ဒုတိယအကြိမ် ထပ်မံ သွားရောက်တွေ့ဆုံဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒေါ်စိန်ထွေးဟာ မိုးကုတ်မြို့ဇာတိဖြစ်ပြီး မိုးကုတ်ပတ္တမြားမြေမှာ လူသိများ ထင်ရှားတဲ့ အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်သလို ကျောက်မျက်လုပ်ငန်း၊ ဟိုတယ်လုပ်ငန်းနဲ့ ခရီးသွားလုပ်ငန်းတွေကို လုပ်ကိုင်သူဖြစ်ပါတယ်။ ဒေါ်စိန်ထွေးရဲ့ သားဖြစ်သူနဲ့တော့ တယ်လီဖုန်းနဲ့ အဆက်အသွယ်ရပေမယ့် သားဖြစ်သူက “မပြောချင်ဘူးလို့ ပြောတယ်၊ ဖြေဖို့ အဆင်မပြေဘူးလို့ပြောတယ်” လို့  မိခင်ကိုယ်စား ပြောပါတယ်။ ဒီမြေအငြင်းပွားမှုဟာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ တာဝန်ယူချိန်ကာလက စတင်ဖြစ်ခဲ့တာဖြစ်ပြီး ရန်ကုန်တိုင်းအစိုးရအပေါ် စွပ်စွဲချက်တွေ ရှိနေတာကြောင့် လက်ရှိ ဒု-သမ္မတအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဦးမြင့်ဆွေကို တွေ့ဆုံမေးမြန်းခွင့်ရဖို့ ဒီဗွီဘီက နေပြည်တော်ကို ၂၀၁၇ ဇွန်လ ၂၈ ရက်စွဲနဲ့ သွားရောက် စာပေးပို့ခဲ့ပါတယ်။ ဒါပေမယ့် ခုချိန်ထိတော့ တွေ့ဆုံမေးမြန်းမှုကို လက်ခံဖြေကြားမယ်၊ မဖြေကြားဘူးဆိုတဲ့ တိကျသေချာရေရာတဲ့ အဖြေကိုတော့ မရရှိခဲ့ကြောင်းပါ။
4 years Ago
Up