မိကျောင်းဆွဲခံရသည့် ၂ နှစ်အရွယ် ကလေးငယ်ကို လိုက်လံရှာဖွေ

June 16, 2016

မိကျောင်းဆွဲခံရသည့် ၂ နှစ်ကလေးငယ်အလောင်း ပြန်တွေ့

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါက ဝေါလ်ဒစ္စနီရီဆော့မှာ မိကျောင်းဆွဲခံရတဲ့ ၂ နှစ်အရွယ် ကလေးငယ်ရဲ့ အလောင်းကို ပြန်တွေ့တယ်လို့ ဆိုပါတယ်။ ဇွန် ၁၅ ရက် မနက် ၁ နာရီ ၄၅ မိနစ်မှာ ကလေးရဲ့အလောင်းဟာ တစုံတရာ မပျက်မစီးဘဲ ကမ်းခြေနဲ့ ၁၅ ပေလောက်အကွာမှာ ပြန်တွေ့တယ်လို့ အောရိန်းစီရင်စု တာဝန်ရှိသူတဦးက ပြောပါတယ်။ မိဘတွေဖြစ်တဲ့ မတ်နဲ့ မာလီဆာဂရေ့တို့ကိုလည်း ကလေးအလောင်း ပြန်တွေ့ပြီဆိုတာကို အကြောင်းကြားခဲ့သလို မိသားစုကတော့ စိတ်ကယောင်ချောက်ချား ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ သက်သာသွားတယ်လို့ ဆိုပါတယ်။ ဝေါလ်ဒစ္စနီရီဆော့ကလည်း မိသားစုနဲ့အတူ ၀မ်းနည်းပူဆွေးမိတယ်လို့ ထုတ်ပြန်ပါတယ်။ မိကျောင်း ၅ ကောင်ကို ရေကန်ကနေ ပြန်လည်သယ်ဆောင်သွားပြီဖြစ်ပြီး မိကျောင်း ၅ ကောင်စလုံးကို သတ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ရှာဖွေရေး လုပ်ဆောင်ရာမှာလည်း တာဝန်ရှိသူ အယောက် ၅၀ လောက် ပါဝင်ခဲ့ပါတယ်။ ဇွန် ၁၄ ရက် ည ၉ နာရီလောက်မှာ ၂ နှစ်အရွယ် ကလေးငယ်က ရေထဲဆော့ကစားနေစဉ် မိကျောင်းက တိုက်ခိုက်ပြီး ဆွဲသွားတာ ဖြစ်ပါတယ်။
5 years Ago

June 15, 2016

မိကျောင်းဆွဲခံရသည့် ၂ နှစ်အရွယ် ကလေးငယ်ကို လိုက်လံရှာဖွေ

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါက ဒစ္စနီရဲ့ Grand Floridian Resort & Spa မှာ မိကျောင်းဆွဲသွားတဲ့ ၂ နှစ်ကလေးကို ဇွန် ၁၅ ရက် မနက်ပိုင်းမှာ ရဲတွေက ရှာဖွေနေပါတယ်။ ဇွန် ၁၄ ရက် ည ၉ နာရီလောက်မှာ ၂ နှစ်ကလေးငယ်က ရေထဲဆော့ကစားနေစဉ် မိကျောင်းက တိုက်ခိုက်ပြီး ဆွဲသွားတာလို့ အော်ရင်းစီရင်စုက ရှရက်ဂျယ်ရီဒီမင်းက ပြောပါတယ်။ အခင်းဖြစ်တဲ့အချိန် ဖခင်က အနီးနားမှာ ရှိနေသလို မိကျောင်းက လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဖခင်က ကလေးကိုပြန်ရဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့သလို လက်မှာလည်း ဒဏ်ရာတွေ ရရှိခဲ့တဲ့အတွက် အနီးက တခြားလူတွေကို အကူအညီ တောင်းခံခဲ့ပါတယ်။ မိခင်ကလည်း ကူညီဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ဆိုပါတယ်။ လက်ရှိမှာတော့ လူ ၅၀ လောက်က ရေကန်မှာ ရှာဖွေရေး လုပ်ဆောင်နေပါတယ်။ ဒီနေရာ အနီးတ၀ိုက်ကိုလည်း ပိတ်ထားခဲ့သလို ဒီနေရာမှာ ရေမကူးဖို့ သတိပေးချက် ထုတ်ပြန်ထားတယ်လို့ ပန်းခြံ တာဝန်ရှိသူတွေက ပြောပါတယ်။
5 years Ago
Up