မိုးကြီးမည်

August 17, 2018

မွန်နှင့် ကရင်အပါအ၀င် နေရာအနှံ့ မိုးကြီးမည်ဟု မိုးဇလသတိပေးကြေညာ

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် အပါအ၀င် ပြည်နယ်တိုင်းတွေမှာ အပူပိုင်းမုန်တိုင်း “ဘီဘင်ကာ” (Bebinca)ရဲ့ အကြွင်းအကျန် တိမ်တိုက်တွေရဲ့ အရှိန်ကြောင့် နောက်သုံးရက်အတွင်း မိုးကြီးမယ်လို့ မိုးလေ၀သဌာနက ခန့်မှန်း ထုတ်ပြန်ပါတယ်။ လေပြင်းတိုက်ခတ်တာ မိုးသည်းထန်စွာ ရွာသွန်းတာတွေကြောင့် ရုတ်တရက် ရေကြီး၊ မြေပြိုတာ ဖြစ်ပေါ်နိုင်လို့ မြေပြိုမှုအန္တရာယ်နဲ့  ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့လည်း မိုးဇလက သတိပေးထားပါတယ်။ ဒီနေ့ညနေကစပြီး နောက် ၃ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့  မွန်ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးရွာပြီး၊ နေရာကွက် မိုးကြီးမယ်လို့ မိုးဇလဌာနက ခန့်မှန်းပါတယ်။ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း ၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်နဲ့  မွန်ပြည်နယ်တို့မှာလည်း နောက် (၂၄)နာရီအတွင်း ၃လက်မ နဲ့ အထက်မိုးရွာနိုင်သလို နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်းနဲ့  မန္တလေးတိုင်းတို့မှာ ၁လက်မခွဲနဲ့အထက် ရွာသွန်းနိုင်တယ်လို့ ဆိုပါတယ်။ ဓာတ်ပုံ-မိုးဇလ
3 years Ago

July 22, 2018

မုတ်သုံလေ အားကောင်းနေ၊ ပြည်နယ်နှင့်တိုင်းအချို့တွင် မိုးကြီးမည်

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းနေပြီး ပြည်နယ်နဲ့တိုင်းအချို့မှာ မိုးထစ်ချုန်းရွာကာ မိုးကြီးနိုင်တယ်လို့ မိုးဇလက ဒီနေ့မနက် ၇ က သတင်းထုတ်ပြန်ပါတယ်။ ဒီနေ့ညနေပိုင်းအထိ မန္တလေးနဲ့မကွေး တိုင်းဒေသကြီးတို့မှာ နေရာစိပ်စိပ်နဲ့ ကျန် တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမယ်။ ရခိုင်၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ ဒေသအလိုက်နဲ့ ပဲခူးတိုင်း၊ ရန်ကုန်နဲ့ ဧရာဝတီ တိုင်းဒေသကြီးတို့မှာ နေရာကွက်၍ မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါတယ်။ ရေပြင်/မြေပြင်လေဟာ ၁ နာရီကို ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၈ ပေကနေ ၁၃ ပေလောက် ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ လာမယ့် ၂ ရက်မှာလည်း မုတ်သုံလေ အားကောင်းနေမှာဖြစ်ပြီး နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့ အနီးတ၀ိုက်တွေမှာ ဒီနေ့ညနေအထိ မိုးထစ်ချုန်းရွာမယ်လို့ ဆိုပါတယ်။
3 years Ago
Up