မိုးမျှော်အဆောက်အဦစွန်းတွင် အသည်းယားစဖွယ် ဓာတ်ပုံရိုက်ခဲ့သည့် မော်ဒယ်

February 16, 2017

မိုးမျှော်အဆောက်အဦစွန်းတွင် အသည်းယားစဖွယ် ဓာတ်ပုံရိုက်ခဲ့သည့် မော်ဒယ် (ရုပ်သံ)

အမြင့်ပေ ၁၀၀၄ ပေရှိတဲ့ မိုးမျှော်တိုက် အဆောက်အဦစွန်းမှာ စွန့်စားဓာတ်ပုံရိုက်ကူးခဲ့တဲ့ ရုရှားမော်ဒယ်တဦးရဲ့ ဒီအခိုက်အတန့်ဟာ သင့်ကို အသည်းထိတ်စေပါလိမ့်မယ်။ အသက် ၂၃ နှစ်အရွယ် ဗီကီ အိုဒင့်ကိုဗာဟာ အကူအမျိုးသားတဦးနဲ့အတူ ဒူဘိုင်းမြို့က ကာရန်တာဝါ မိုးမျှော်အဆောက်အဦစွန်းပေါ်မှာ ခုလို စွန့်စား ဓာတ်ပုံရိုက်ကူးခဲ့တာပါ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ သူဟာ အဆောက်အဦစွန်းကနေ အကူအမျိုးသားရဲ့ လက်တဘက်ကိုဆွဲပြီး အပြင်လေထုနောက်ဘက်ကို လှန်ချခဲ့တာ အသည်းယားစဖွယ် တွေ့ရပါတယ်။ အဲဒီနောက်တော့ သူဟာ အစွန်းရဲ့အောက်ကို ဆင်းကာ လက်တဘက်တည်းနဲ့ချိတ်ပြီး တွဲလောင်းအနေအထားနဲ့ ရိုက်ပြခဲ့တာပါ။ စိန့်ပီတာစ်ဘတ်မြို့မှာ နေထိုင်တဲ့ အိုဒင့်ကိုဗာက “ကျမလုပ်နိုင်ခဲ့တာကို မယုံနိုင်ခဲ့ဘူးရှင့်။ ဒီဗွီဒီယိုကို ပြန်ကြည့်တိုင်း ကျမလက်ဖဝါးတွေမှာ ချွေးစေးတွေ ပြန်လာတော့တာပဲ” လို့ ပြောပါတယ်။ သူဟာ ဒီရုပ်သံဗွီဒီယိုဖိုင်ကို အင်စတာဂရမ် စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့ချိန်မှာတော့ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၃ သန်းကျော် ရှိခဲ့ပါတယ်။ သူဟာ အင်စတာဂရမ်စတားတဦးဖြစ်ပြီး တချို့ပရိသတ်တွေကတော့ ခုလို သက်စွန့်ဆံဖျား စွန့်စားဓာတ်ပုံရိုက်ခဲ့မှုအပေါ် ဝေဖန်နေကြတာပါ။ ပရိသတ်တဦးက “ကိုယ့်အသက်ကို တန်ဖိုးမထားဘဲ ဘယ်လိုလုပ်နိုင်တာလဲ။ ငါသာ မင်းမိဘနေရာမှာဆိုရင်တော့ မင်းရော နှုတ်ခမ်းမွေးနဲ့ မင်းအဖော်ကိုပါ ရိုက်မိမှာပဲ” လို့ မှတ်ချက်ရေးခဲ့ပါတယ်။
4 years Ago
Up