မိုးခေါင်ရေရှားဒေသများသို့ ရေပေးဝေရန် အိန္ဒိယအစိုးရ စီစဉ်

May 17, 2016

မိုးခေါင်ရေရှားဒေသများသို့ ရေပေးဝေရန် အိန္ဒိယအစိုးရ စီစဉ်

ဗြဟ္မပုတ္တရမြစ်၊ ဂင်္ဂါမြစ်လို မြစ်ကြီးတွေကရေတွေကို မိုးခေါင်ရေရှားဒဏ် ဆိုးဆိုးရွားရွား ခံနေကြရတဲ့ ဒေသတွေဆီ လွှဲပြောင်းပို့ဆောင်ပေးနိုင်ရေးဟာ အစိုးရရဲ့ ဦးစားပေးလုပ်ငန်း ဖြစ်တယ်လို့ အိန္ဒိယ ရေအရင်းအမြစ်ဝန်ကြီး အူမာဘာရာတီက ပြောဆိုချက်ကို ဘီဘီစီ သတင်းမှာ ဖော်ပြပါတယ်။ အိန္ဒိယနိုင်ငံမှာ အပူချိန် ၄၀ ဒီဂရီစင်စဲစီးယပ်ကျော်ရှိနေပြီး အနည်းဆုံး လူပေါင်း သန်း ၃၃၀ ဟာ မိုးခေါင်ရေရှားဒဏ်ကို ခံစားနေရပါတယ်။ သဘာဝပတ်ဝန်းကျင်ထိန်သိမ်းသူတွေက ဒီစီမံကိန်းဟာ ဂေဟစနစ်နှင့် ပတ်သက်တဲ့ သဘာဝ ဘေးအန္တရာယ်တွေကို ဖိတ်ခေါ်သလိုဖြစ်တယ်လို့ ထောက်ပြကန့်ကွက်နေကြပေမယ့် စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်ဖို့ အိန္ဒိယ တရားရုံးချုပ်က အမိန့်ပေးခဲ့ကြောင်း သူက ပြောပါတယ်။ သဘာဝတ်ဝန်းကျင်သမားတွေက ဒီအစီအစဉ်ဟာ ရေများတဲ့နေရာကနေ ရေလိုအပ်တဲ့နေရာကို လွှဲပြောင်းပေးဖို့ဆိုတဲ့ အခြေခံစဉ်းစားချက်ကလာတာဖြစ်ပေမယ့် သိပ္ပံနည်းကျစမ်းသပ်ချက်တွေ လုပ်ဆောင်ခြင်းမရှိဘူးလို့ ဝေဖန်နေကြပါတယ်။ လွတ်လပ်ရေးရခဲ့တဲ့ ၁၉၄၇ ခုနှစ်ကတည်းကစလို့ အခုအကြိမ်ဟာ မြစ်တွေကနေ ရေလွှဲပြောင်းရယူဖို့ ပထမဆုံးအကြိမ်ဆောင်ရွက်ချက်ဖြစ်တယ်လို့ဆိုပါတယ်။ လာမယ့်နှစ်တွေမှာလည်း စိုက်ပျိုးရေးနဲ့ သောက်သုံးရေထောက်ပံ့နိုင်မယ့် ပရောဂျက်တွေလည်း ပါဝင်တဲ့ ရေရှည်အစီအစဉ်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီနှစ်နွေရာသီကာလမှာ အိန္ဒိယနိုင်ငံမှာ ၂၉ ပြည်နယ်ရဲ့ တ၀က်လောက်ဟာ ရေအခက်အခဲ ကြုံတွေ့နေရပါတယ်။ အိန္ဒိယနိုင်ငံရဲ့ မိုးခေါင်ရေရှားဒဏ်ဆိုးဝါးလာမှုကြောင့် စိုက်ခင်းတွေပျက်စီးဆုံးရှုံးမှုစတဲ့ အကျိုးဆက်တွေကြောင့် အိန္ဒိယနိုင်ငံကလယ်သမားတွေအကြား မိမိကိုယ်ကိုယ်သတ်သေမှု မြင့်မားနေပြီး လယ်သမား ၃ ထောင်ကျော်သေဆုံးခဲ့တယ်လို Times of India က ဖော်ပြပါ တယ်။ မိုးခေါင်ရေရှားမှု စတင်ဆိုးရွားတဲ့ ၂၀၁၄ ခုနှစ်အပါအ၀င်ဆို သတ်သေသူ ၅ ထောင် အထက်ရှိပြီလို့ဆိုပါတယ်။
6 years Ago
Up