မိုးကောင်းတွင် ၁၀ ဘီးယာဉ်ဖြင့် သယ်လာသည့် အမိုနီယမ်နိုက်ထရိတ်များ ဖမ်းမိ

February 1, 2017

မိုးကောင်းတွင် ၁၀ ဘီးယာဉ်ဖြင့် သယ်လာသည့် အမိုနီယမ်နိုက်ထရိတ်များ ဖမ်းမိ

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ၈-မိုင်လမ်းဆုံ ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ မန္တလေးမှ ဖားကန့်ကို ၁၀ ဘီးယာဉ်နဲ့ သယ်ဆောင်လာတဲ့ ယမ်းပြုလုပ်ရာမှာ အသုံးပြုတဲ့ အမိုနီယမ်နိုက်ထရိတ်တွေ ဖမ်းဆီးရမိခဲ့တယ်လို့ မိုးကောင်းမြို့မရဲစခန်းက ပြောပါတယ်။ ဇန်နဝါရီ ၃၀ ရက်ည ၈ နာရီအချိန်က မိုးကောင်းမြို့မရဲစခန်းမှူး ဒုရဲမှူးအေးကြူ နဲ့ တပ်ဖွဲ့ဝင်တွေ၊ ၈ မိုင် ပူးပေါင်းစစ်ဆေးရေးတာဝန်ကျ ရဲအုပ်အောင်မျိုးမင်းဦးစီးအဖွဲ့တို့က မိုးကောင်းမြို့နယ် ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ မန္တလေးမှ ဖားကန့်ကို ယာဉ်မောင်း စိုးလှိုင်(ခ)မောင်စိုး မောင်းနှင်ပြီး ယာဉ်နောက်လိုက် ခွန်မင်းလတ်(ခ)ကိုလတ် လိုက်ပါလာတဲ့ Nissan အမျိုးအစား 2B/9726 ခေါင်းအညို၊ ဘော်ဒီစိမ်းဝါကြား ၁၀ ဘီးယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ပါတယ်။ ယာဉ်ပေါ်မှာ အမိုနီယမ်နိုက်ထရိတ်မြေဆီအိတ်များ တရားမဝင် တင်ဆောင်လာကြောင်း စိုးလှိုင်(ခ)မောင်စိုးရဲ့ ပြောပြချက်အရသိရှိရပြီး ယာဉ်အား မိုးကောင်းမြို့မရဲစခန်းကို ခေါ်ဆောင်ထိန်းသိမ်းထားရှိခဲ့ပါတယ်။ ယာဉ်ပေါ်ပါ ပစ္စည်းတွေကို ဇန်နဝါရီ ၃၁ ရက်နေ့ မနက် ၈ နာရီအချိန်လောက်မှာ သက်သေ တွေနဲ့အတူ ဖွင့်ဖောက်စစ်ဆေးရာ အဖြူရောင်ဆာလာအိတ်များပေါ်မှာ တရုတ်စာတန်းပါ တရုတ်နိုင်ငံထုတ် အမိုနီယမ်နိုက်ထရိတ် မြေဆီအိတ် ၆၀၀ လောက် တွေ့ရှိရတာကြောင့် ဥပဒေအရ အရေးယူပေးဖို့ တိုင်ကြားထားတယ်လို့ သိရပါတယ်။ တရားမဝင်အမိုနီယမ်နိုက်ထရိတ်တွေ သယ်ဆောင်လာသူ စိုးလှိုင်(ခ)မောင်စိုးနဲ့ ခွန်မင်းလတ်(ခ) ကိုလတ် တို့ကို မိုးကောင်းမြို့မရဲစခန်းက (ပ)၁၁/၂၀၁၇ ပို့ကုန်/သွင်းကုန်ဥပဒေပုဒ်မ- ၈ အရ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း - ကိုကိုလင်း(အင်းတော်)  
5 years Ago
Up