မိုးသည်းထန်စွာ ရွာသွန်း

A d v e r t i s e m e n t With Us

August 3, 2020

သထုံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံ၊ မြေပြိုမှုများဖြစ်

မွန်ပြည်နယ်၊ သထုံမြို့နယ်ထဲမှာ ဩဂုတ် ၂ ရက်နေ့ ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်တချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားပြီး သစ်ပင်ကျိုးကျတာနဲ့ မြေပြိုမှုတွေ ဖြစ်ပွားခဲ့​တယ်လို့ သိရပါတယ်။ မိုးရွာသွန်းခဲ့မှုကြောင့် သထုံမြို့‌ပေါ်ရှိ၊ လိပ်အင်းရပ်ကွက်နဲ့ နန်းခဲရပ်ကွက်ရှိနေရာတချို့မှာ လမ်းပေါ် နဲ့ နေအိမ်ခြံဝင်းအတွင်း ရေ ၁ ပေခန့်ဝင်ရောက်ခဲ့ပြီး ဝါးပါးဆည်အနီး၊ သထုံ-ဘားအံ ကားလမ်း၊ မိုင်တိုင်အမှတ်(၄/၃) နဲ့ (၄/၄) အကြား ကားလမ်းအနိမ့်ပိုင်းတွေမှာ ရေကျော်ကာ ကိုယ်ပိုင်ယာဉ်ငယ်တွေ ဖြတ်သန်းသွားလာမှု ခေတ္တပိတ်ထားခဲ့ရတယ်လို့ သထုံခရိုင် မီးသတ်ဦးစီးဌာနမှူး ဦးအောင်ကြင်ထွန်းက DVB ကို ပြောပါတယ်။ “ညက ၉ နာရီလောက်ရှိမယ်။ လေကြမ်းပြီး သစ်ပင်တွေ ပြိုလဲကျပါတယ်။ နေအိမ် အနိမ့်ပိုင်းတွေကျတော့ ခြံထဲကိုရေက ၁ ပေလောက် ဝင်ခဲ့တယ်။ အန္တရာယ်တော့မရှိပါဘူး။ ဆေးရုံဝင်းထဲက လဲကျနေတဲ့သစ်ပင်ကိုတော့ ဓာတ်ကြိုးနဲ့ငြိနေလို့ အဖွဲ့တွေစုပြီး ဝိုင်းရှင်းခဲ့ကြတာပါ။ ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့အထိတော့ အခြေအနေက မဆိုးပါဘူး။ တချို့က အစိုးရိမ်လွန်ပြီး လှမ်းမေးကြတာတွေရှိပါတယ်။ အခုဆိုရင်အားလုံး ပုံမှန်အတိုင်းဖြစ်သွားပါပြီ။" မိုးရွာသွန်းမှုကြောင့် သထုံခရိုင်ပြည်သူ့ဆေးရုံကြီးအနီး၊ နန်းတော်ဦးကျောင်းလမ်းရှိ လုံးပတ် ၃ ပေအရှည် ၂၅ ပေခန့်ရှိ မဲဇလီပင် အမြစ်ကျွတ်ကာ လမ်းဘေး ဓာတ်မီးတိုင်ပေါ်ကို လဲကျခဲ့တာကြောင့် မြို့တွင်းလျှပ်စစ်မီးတွေ ယာယီ ဖြတ်တောက်ခဲ့‌​ရတာပါ။ ည ၁၀ နာရီလောက်မှာလည်း သထုံမြို့၊ နန်းခဲရပ်ကွက် မြသပိတ် တောင်တက်ကားလမ်း၊ လာဝတောင်ခြေအနီးမှာ တောင်တက်ကားလမ်းမပေါ်ကို အမြင့် ၅ ပေ၊ အရှည် ၁၀ ပေလောက်ရှိတဲ့ မြေကြီးတွေ ပြိုကျခဲ့ပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့​​တယ်လို့ သိရပါတယ်။ ဖြစ်စဉ်နဲ့ပတ်သတ်ပြီး လူနဲ့တိရစ္ဆာန်ထိခိုက်မှုမရှိဘဲ ရေကြီးရေလျှံတာ၊ သစ်ပင်လဲပြိုတာ၊ ‌မြေပြိုတာတွေကို လွှတ်တော်ကိုယ်စားလှယ်တွေ၊ မြို့နယ်သဘာဝဘေး စီမံခန့်ခွဲ့မှုအဖွဲ့ဝင်တွေ၊ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ကြက်ခြေနီတပ်ဖွဲ့နှင့် လူမှုကူညီရေး ပရဟိတအဖွဲ့ဝင်တို့က ပူးပေါင်းရှင်းလင်းဖယ်ရှားခဲ့ကြတယ်လို့ သိရပါတယ်။ သတင်း - ယူမင်းစိုး
7 months Ago

June 8, 2020

အပူပိုင်းမုန်တိုင်းကြောင့် အမေရိကန်ပြည်နယ် ၂ ခုတွင် မိုးသည်းထန်စွာ ရွာသွန်း

အပူပိုင်းမုန်တိုင်း ခရစ္စတိုဘယ်လ်ဟာ အမေရိကန်နိုင်ငံ မက္ကဆီကို ပင်လယ်ကွေ့တလျှောက် ရွေ့လျားနေလို့ လူဝီစီယားနား ပြည်နယ်ကနေ ဖလော်ရီဒါ ပြည်နယ်တလွှား ကျွန်းဆွယ်တလျှောက် မိုးသည်းသည်းထန်ထန် ရွာခဲ့ပါတယ်။  ဒါကြောင့် လူဝီစီယားနားပြည်နယ်အရှေ့တောင်ပိုင်းက မြို့အတော်များများနဲ့ ဒါဇင်ချီတဲ့ ကမ်းလွန် ရေနံတူးစင်တွေက လူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။  ၁ နာရီ လေတိုက်နှုန်း မိုင်ငါးဆယ်ရှိတဲ့ မုန်တိုင်းဟာ ပိုအားကောင်းလာပြီး လူဝီစီယားနား ကမ်းရိုးတန်းကနေ ကုန်းတွင်းကို တနင်္ဂနွေ နှောင်းပိုင်းမှာ ဝင်ရောက်မယ်လို့ အမေရိကန် အမျိုးသား ဟာရီကိန်းဌာန NHCက ပြောပါတယ်။  မုန်တိုင်းဒီရေက လေးပေထိ မြင့်တက်နိုင်တယ်လို့ ခန့်မှန်းထားလို့ လူဝီစီယားနား ကမ်းရိုးတန်းက မစ္စစ္စပီ မြစ်ကမ်းကနေ မော်ဂန်မြို့ထိ ကြားထဲက မြို့တွေမှာ လူတွေ ဘေးလွတ်ရာ ရွှေ့ဖို့ အမိန့်ထုတ်ထားပါတယ်။  မုန်တိုင်းဟာ ဟာရီကိန်းအဆင့်ထိ အင်အားကြီးလာနိုင်ပြီး ပင်လယ်ကွေ့ ကမ်းရိုးတန်း အလယ်ပိုင်းမှာ ရုတ်တရက် ရေကြီးနိုင်ကာ လူဝီစီယားနားကမ်းရိုးတန်းမှာ မိုးရေချိန် လေးလက်မ ကနေ ၈ လက်မထိ ရွာနိုင်တယ်လို့ NHC က ဟောကိန်းထုတ်ထားပါတယ်။
9 months Ago
Up