မိုးသည်းထန်

September 21, 2020

လောင်းလုံမြို့နယ်၌ မိုးသည်းထန်ပြီး ရေကြီးရေလျှံနေ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် စက်တင်ဘာ ၁၈ ရက်က စပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပါတယ်။  ကျောက်နီမော်ကျေးရွာမှာ အိမ်ခြေ ၅၀၀ ကျော် ၆၀၀ နီးပါးရှိပြီး အိမ်ခြေ ၅၀ လောက်ကရေဝင်ရောက်တာနဲ့ လှိုင်းရိုက်တာတွေကို ခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။  အရင်နှစ်တွေကလည်း  ရေကြီးခဲ့ပေမယ့် အခုနှစ်လောက်တော့  မများဘူးလို့   ကျောက်နီမော် ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ အခုလိုရေကြီးနေတဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့  ဘေးလွတ်ရာ တောင်ကုန်းတွေမှာ သွားရောက်နေထိုင်ဖို့နဲ့ အရေးကြီး စာရွက်စာတမ်းတွေအပြင် တန်ဖိုးရှိတဲ့ပစ္စည်းတွေကိုလည်း စိတ်ချရတဲ့ နေရာမှာ ပြောင်းရွှေ့ထားဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ညွှန်ကြားထားပါတယ်။  ဒါ့အပြင် လောင်းလုံးမြို့နယ်‌ထဲက တခြားနေရာ အတော်များများမှာလည်း ရေကြီးမှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။  ပြီးခဲ့တဲ့နှစ်ကလည်း  ကျောက်နီမော် ကျေးရွာမှာ   ရေကြီးပြီး တောင်ပြိုကျလို့ နေအိမ် ၆ လုံး  ပျက်စီးခဲ့ပါတယ်။ သတင်း - ကောင်းထက်အောင် CJ 
8 months Ago

July 2, 2020

ဗန်းမော်-မြစ်ကြီးနားလမ်းပိုင်း၌ မိုးသည်းထန်ပြီး တောင်ပြိုကျမှုနှင့် ရေကျော်မှုများဖြစ်ပေါ်

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ဗန်းမော်-မြစ်ကြီးနားသွား ကားလမ်းပိုင်းမှာ တောင်ပြိုကျမှု၊ မြေကာနံရံပျက်စီးမှုနဲ့ ရေကျော်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဇူလိုင် ၁ ရက် မနက်ပိုင်းက ဗန်းမော်ခရိုင်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဗန်းမော်-မြစ်ကြီးနားသွား ကားလမ်း၊ မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့၊ အူထန်ယန်ကျေးရွာ အနီးမှာ တောင်ပြိုကျမှုဖြစ်ပွားခဲ့ရာ အလျား ၅၀ ပေ အနံ ၂၀ ပေ အမြင့် ၄ ပေခန့် မြေသားပိတ်ဆို့မှုဖြစ်ပွားခဲ့ပါတယ်။ ဒါ့အပြင် ဗန်းမော်-မြစ်ကြီးနားလမ်းပိုင်းမှာလည်း မြေကာနံရံတွေ ပြိုကျပျက်စီးပြီး ACလမ်းသား အလျား ၃၀ ပေ အနံ ၂ ပေလောက်  ပျက်စီးတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ပျက်စီးတဲ့လမ်းပိုင်းနေရာတွေကို မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးနဲ့ ဌာနဆိုင်ရာတွေ သွားရောက်စစ်ဆေးခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်တွေကလည်း သွားလာရေးအဆင်ပြေစေဖို့ ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ အလားတူ မိုးမောက်မြို့နယ်၊ နမ့်တိန်-မိုင်းခတ်ကျေးရွာသွား ကားလမ်း(625 Km)အနီးနဲ့ ဒေါ့ဖုန်းယန်မြို့-ဖာကေ ကျေးရွာသွားကားလမ်းပိုင်းမှာလည်း ရေကျော်မှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် သွားလာရေးအခက်အခဲဖြစ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ သတင်း- မင်းခန့်ကိုကို
11 months Ago
More News
Up