မိုးသည်းထန်စွာရွာသွန်းမှုကြောင့်

September 1, 2018

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပင်လည်ဘူးတွင် တံတားတစင်းပျက်စီး

ပင်လည်ဘူးမြို့နယ်တွင် စက်တင်ဘာလ ၁ ရက်နေ့ မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် ပင်လည်ဘူး-ကောလင်းကားလမ်းပေါ်ရှိ ချောင်းရေကျကာ မြေလင်းရေကျော်တံတား ပျက်စီးခဲ့ပြီး ကားတွေသွားလာရေး အခက်အခဲ ဖြစ်ပေါ်နေပါတယ်။ "မနက်က ရွာတဲ့မိုးပေါ့။ အဲဒါကြောင့် ချောင်းရေကြီးပြီး ရေကျော်တံတား ပါသွားတာ။ လောလောဆယ်တော့ ကားသွားမရဘူး။ လူနှင့်ဆိုင်ကယ်ကတော့ အထက်နားမှာ ကြိုးတံတားတခုရှိလို့ အဆင်ပြေတယ်။ ရေတော့ ပြန်ကျနေပါပြီ။ လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်ဖို့ သက်ဆိုင်ရာကလည်း ကြိုးစား လုပ်ဆောင်နေပါတယ်" လို့ ပင်လည်ဘူးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလှိုင်က ပြောပါတယ်။ ရေကျော်တံတားက ရေစီးနဲ့အတူ မျောပါလာတဲ့ အမှိုက်တွေကြောင့် ပျက်စီးသွားတာဖြစ်ပြီး တင်ကျန်နေတဲ့ သစ်ကိုင်း၊ ချုံနွယ်၊ သစ်ပင်တွေကိုလည်း မြို့နယ်မီးသတ်၊ ရဲနဲ့ ပြည်သူတွေ ပူးပေါင်းကာ ခုတ်ထွင်ရှင်းလင်း ဖယ်ရှားနေပါတယ်။ လမ်းသွားလမ်းလာ ပြတ်တောက်မှု မရှိစေရေးအတွက် ရေထပ်မံကျချိန်မှာ ယာယီသွားလာနိုင်ရေး ပြိုကျသွားတဲ့နေရာကိုလည်း အမြန်ဆုံးပြုပြင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ မိုးသည်းထန်တဲ့အတွက် အချို့နေရာတွေမှာ လမ်းဘေးဖုန်းတိုင်၊ မီးတိုင်တွေလည်း ပြိုလဲမှုဖြစ်ပေါ်ခဲ့ပါသေးတယ်။
3 years Ago

June 12, 2018

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တမူးမြို့ပေါ်ရပ်ကွက်များရေကြီး

  စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်တွေမှာ ရေကြီး နစ်မြုပ်နေပါတယ်။ ရေကြီးရေလျှံနေတဲ့ မြို့ပေါ် ရပ်ကွက်အချို့က ပြည်သူတွေကတော့ သီးခြား ကယ်ဆယ်ရေးစခန်း ဖွင့်မထားဘဲ နီးစပ်ရာ ဆွေမျိုးတွေအိမ်ကို ရွှေ့ပြောင်းနေကြရပါတယ်။ ဒေသခံတဦးဖြစ်တဲ့ ကိုချမ်းမြေ့က “အခုလို နေရာတော်တော်များများ ရေကြီးရေလျှံမှုမျိုး အရင်နှစ်တွေက မဖြစ်ခဲ့ဖူးပါဘူး။ အရင်နှစ်က ရပ်ကွက် နှစ်ခုလောက်မှာသာ ဖြစ်ခဲ့တာကြောင့် ရေနုတ်မြောင်းကို တိုင်းဒေသကြီး ဘတ်ဂျက်နဲ့ ပညာရှင်တွေ ရေးဆွဲတဲ့ ပုံစံတွေအတိုင်း ရေလွှဲမြောင်းတွေ ဖောက်ခဲ့ပါတယ်။ ဒါပေမယ့် အခုနှစ်မှာတော့  ခါတိုင်းနှစ်တွေမှာ ရေမဝင်ခဲ့တဲ့ ရပ်ကွက်တွေပါ ရေဝင်နှစ်မြုပ်လာပါတယ်။ ပြီးခဲ့နှစ်ကထက် အခြေအနေ ပိုဆိုးဝါးနေပါတယ်” လို့ ပြောပါတယ်။ ရေကြီးနစ်မြုပ်နေတဲ့ နေရာတွေက ပြည်သူတွေရဲ့ ကူညီကယ်ဆယ်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်တွေ ဒေသဆိုင်ရာ တာဝန်ရှိသူတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ကူညီဆောင်ရွက်နေတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်းက ပြောပါတယ်။ ဒီအတိုင်း မိုးဆက်ရွာပြီး ရေကြီးရေလျှံနေမယ်ဆိုရင် ကုန်ဈေးနှုန်းတွေလည်း တက်လာမှာ စိုးရိမ်ပြီး ဆန်ဈေးလဲအခု စတက်နေတယ်လို့  မြို့ခံတချို့က ပြောပါတယ်။ လက်ရှိအခြေအနေကတော့ တမူးမြို့ပေါ်က ရပ်ကွက်တိုင်းလိုလို ရေနစ်မြုပ်နေလို့ သက်ဆိုင်ရာတာဝန်ရှိသူတွေ လာရောက်ပြီး ကျန်းမာရေးနဲ့ နေထိုင် စားသောက်ရေးတွေကို အကူအညီပေးစေလိုတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သတင်း - ဂေါင်ဂေါင်
4 years Ago
Up