မိုးရွာသွန်းမှု နည်းပါး

July 5, 2020

မြိုင်မြို့နယ်တွင် မိုးရွာသွန်းမှု နည်းပါးသဖြင့် မိုးနှမ်းစိုက် တောင်သူများ အရှုံးပေါ်

မကွေးတိုင်း၊ မြိုင်မြို့နယ် ကျေးရွာတချို့မှာ မိုးရွာသွန်းမှုနည်းပါတဲ့အတွက် မိုးနှမ်း သီးနှံပျက်စီးပြီး အရှုံးပေါ်နေတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။ မြိုင်မြို့နယ် တောင်ဘို့ကျေးရွာ တောင်သူ ကိုမျိုးမင်းထွေးက “မိုးဦးနှမ်း ပွင့်တဲ့အချိန်မှာ မိုးရွာသွန်းမှုမရှိတဲ့အတွက် အပင်တွေသေပြီး အသီးတွေ မအောင်မြင်တော့တာလို့ ဆိုပါတယ်။ မိုးခေါင်တဲ့အတွက် မြိုင်မြို့နယ် မြောက်ဘက်ခြမ်းရှိ ကျေးရွာပေါင်း ၃၀ လောက်က ဒေသခံတောင်သူတွေ သီးနှံအထွက်နှုန်းမရှိလို့ အရှုံးပေါ်နေကြတာပါ။ မိုးဦးနှမ်း စိုက်ပျိုးတဲ့ တောင်သူတွေအနေနဲ့ လုပ်သားစရိတ်၊ မျိုးဖိုးအပါဝင် ကုန်ကျစရိတ် တစ်ဧကကို နှစ်သိန်းကျပ်နှုန်းလောက် ဆုံးရှုံးခဲ့တယ်” လို့ ဒီဗွီဘီ ကိုပြောပါတယ်။ အခုလိုမျိုး မိုးဦးနှမ်း သီးနှံ ဆုံးရှုံးနေတာဟာ လေး ငါးနှစ်လောက် ရှိနေပြီး မျိုးနှမ်း ၁ တင်းကို ၆၀၀၀၀ ကျပ်ဝန်းကျင်လောက် ဝယ်ယူစိုက်ပျိုးရပြီး နှမ်းပေါ်ချိန်မှာလည်း သုံးသောင်းကျပ်လောက်ပဲ ရောင်းချရလို့ အရှုံးပေါ်နေကြတာလို့ တောင်ဘို့ကျေးရွာဒေသခံ တောင်သူ ဦးမြင့်စိန်က ပြောပါတယ်။ “အသီးအပွင့် ဖြစ်မယ့်အချိန်မှာ မိုးရွာသွန်းမှုမရှိလို့ မိုးဦးနှမ်းခင်းတွေ ပျက်စီးဆုံးရှုံးတာပါ။ နှမ်းသီးနှံကို ဒေသခံတောင်သူတွေအနေနဲ့ မိုးရာသီမှာ မိုးဦး၊မိုးနှောင်း နှစ်ကြိမ် စိုက်ပျိုးကြပြီး မိုးဦးနှမ်း မရရှိတာ နှစ်အတော်ကြာပြီ” လို့ ပြောပါတယ်။ မကွေးတိုင်းမှာ ပြီခဲ့တဲ့နှစ်က မိုးနှမ်း စိုက်ဧက ၁၀ သိန်းကျော် စိုက်ပျိုးနိုင်ခဲ့ပြီး အခုနှစ်အတွင်းမှာတော့ မိုးနှမ်းစိုက်ဧက ၁၁ သိန်းကျော်အထိ စိုက်ပျိုးဖို့ လျာထားတယ်လို့ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနက သိရပါတယ်။ မင်းထီး
10 months Ago
Up