မိုးရာသီသဘင်ပွဲစဉ်

November 18, 2020

တင်မောင်ဆန်းမင်းဝင်း၊ ဟန်ဇာမိုးဝင်းတို့၏ မိုးရာသီသဘင်ပွဲစဉ် ၂၀ ထပ်မံတိုးမြှင့်ကပြမည်

ပြီးခဲ့တဲ့ ဩဂုတ်လက စတင်ကျင်းပခဲ့တဲ့ တင်မောင်ဆန်းမင်းဝင်း၊ ဟန်ဇာမိုးဝင်း တို့ တွဲဖက်ဖျော်ဖြေခဲ့ကြပြီး ပရိသတ်တွေ နှစ်သက်ခဲ့ကြတဲ့ မိုးရာသီသဘင်ပွဲတော်ကို ပွဲစဉ် ၂၀ ထပ်မံပြီးတော့ တိုးမြှင့်ကပြသွားမယ်လို့ သိရပါတယ်။ မာလာမြိုင်မိုးရာသီသဘင်ပွဲတော်အမည်ရတဲ့ ဒီဖျော်ဖြေပွဲကိုတော့ ဩဂုတ်လ ၁ ရက်နေ့က စတင်ကာ အပတ်စဉ် ကပြဖျော်ဖြေနေတာဖြစ်ပြီး တိုက်ရိုက်လိုက်ဖ်အနေနဲ့ အွန်လိုင်းက ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တွေတိုင်း ညစဉ် ၇ နာရီမှာ ကပြဖျော်ဖြေတဲ့ ဒီပွဲကိုတော့ Myanmar Media 7၊ 7th Sense Creation နဲ့ Malarmyaing Group တို့ရဲ့ ဖေ့စ်ဘွတ်ခ် အင်တာနက်စာမျက်နှာပေါ်မှတဆင့် အချိန် ၃ လကြာ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့တာ ဖြစ်ပါတယ်။ တင်မောင်ဆန်းမင်းဝင်းဟာ မြန်မာ့ဇာတ်သဘင်လောကရဲ့ နာမည်ကြီး သဘင်ပညာရှင် ရွှေမန်းတင်မောင်ရဲ့မျိုးဆက်ဖြစ်ပြီး သစ္စာမေတ္တာရွှေမန်းသဘင်အနေနဲ့ ခုချိန်ထိတိုင် လက်ဆင့်ကမ်း အမွေဆက်ခံကပြနေဆဲဖြစ်တဲ့ မင်းသားတလက်ဖြစ်ပြီး ဟန်ဇာမိုးဝင်းကတော့ သဘင်ပညာရှင် မင်းသားကြီး စိန်မာဒင်မျိုးဆက် မဟာရန်ကုန်စံပြသဘင်အနေနဲ့ မောင်နှမတွေဖြစ်ကြတဲ့ တင်ဇာမိုးဝင်း၊ အဂ္ဂါမိုးဝင်းတို့နဲ့အတူ လက်ဆင့်ကမ်း သဘင်မျိုးဆက် အနုပညာရှင်တွေအနေနဲ့ ကပြဖျော်ဖြေနေတာ ဖြစ်ပါတယ်။ ခုတခါ မိုးရာသီသဘင်ပွဲတော်မှာတော့ နာမည်ကြီးမင်းသား ၂ လက်ဖြစ်တဲ့ တင်မောင်ဆန်းမင်းဝင်းနဲ့ ဟန်ဇာမိုးဝင်းတို့ရဲ့ ပူးတွဲဖျော်ဖြေမှုဟာ ကိုဗစ်-၁၉ ကပ်ဘေးကာလတွင်း ပွဲလမ်းသဘင်တွေနဲ့ ဝေးနေရတဲ့ ပရိသတ်တွေအတွက် အမောပြေစေခဲ့တာ ဖြစ်ပါတယ်။ အပတ်စဉ်ဖျော်ဖြေတင်ဆက်မှုတွေတိုင်း ဧည့်သည်အနုပညာရှင်တွေကိုလည်း ဖိတ်ကြား ဖျော်ဖြေတာတွေလုပ်သလို သူတို့ ၂ ယောက်ရဲ့ ဆန်းပြားတဲ့ ကကွက်တွေ၊ ပေါင်းစပ်ဖန်တီးမှု တွေနဲ့လည်း ဆွဲဆောင်ထားနိုင်ခဲ့တာမို့ ခုနောက်ထပ်တိုးမြှင့်ကပြမယ့် ပွဲစဉ်တွေမှာရော ဘယ်လိုတွေ ဖျော်ဖြေတင်ဆက်ကြဦးမလဲဆိုတာကို စောင့်မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။
5 months Ago
Up