မိုးရာသီ

August 9, 2020

ဧရာဝတီတိုင်းတွင် မိုးရာသီ မိုးကြိုးပစ်ခံရမှုကြောင့် ၂၄ ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရ

ဧရာတိုင်းအတွင်း မိုးဦးအကြိုကာလဖြစ်တဲ့ ဧပြီလကနေ ဒီနေ့အထိ မိုးကြိုးပစ်ခတ်မှု ၂၆ ကြိမ်အထိရှိခဲ့ပြီး လူ ၂၄ ယောက်သေဆုံးကာ ၁၀ ဦးဒဏ်ရာရှိခဲ့တယ်လို့ တိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနက သိရပါတယ်။ မိုးကြိုးပစ်ခံရလို့ သေဆုံးဒဏ်ရာရရှိသွားသူတွေဟာ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ လပွတ္တာ၊ မအူပင်၊ အိမ်မဲ စတဲ့ မြို့နယ်တွေကဖြစ်ပြီး အများစုကတော့ လယ်ကွင်းထဲအလုပ်သွားရောက် အလုပ်လုပ်ကိုင်နေစဉ် မိုးကြိုးပစ်ခံရတာလို့ တိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာန တိုင်းဦးစီးမှူး ဦးသန်းစိုးက DVB ကိုပြောပါတယ်။ “အများစုက လယ်ယာလုပ်ငန်းခွင်တွေမှာအပစ်ခံရတာများတယ်၊ လယ်ယာပြင်ဆင်ဖို့ လယ်ကွင်းတွေကို သွားရင်အပစ်ခံရတာမျိုးတွေ ပြီးတော့ ငါးဖမ်းရင် ငါးကန်ပေါ်မှာ အပစ် ခံရတာတွေနဲ့ ဖားရိုက်ရင်အပစ်ခံရတာတော့ တစ်ကြိမ်တော့ ရှိခဲ့တယ်” လို့ ပြောပါတယ်။ မိုးကြိုးအပစ်ခံရမှုကြောင့် သေဆုံးခဲ့သူတွေအတွက် ၁ ဦးကို ၃ သိန်းနှုန်း ထောက်ပံ့ပေးထားပြီး ဒဏ်ရာရသူတွေအတွက် ၁ ဦးကို ၅ သောင်းနှုန်းနဲ့ စုစုပေါင်း ၆၅ သိန်း ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ မိုးကြိုးအပစ်ခံရလို့ သေဆုံသူတွေထဲမှာ တဝက်လောက်က လယ်ယာအလုပ်လုပ်ကိုင်သူတွေ ဖြစ်လို့ လယ်ယာလုပ်ငန်းလုပ်ကိုင်သူတွေကို ရာသီဥတုအခြေအနေကိုကြည့်ပြီး အလုပ်လုပ်ဖို့နဲ့ မိုးကြိုးအန္တရာယ် လက်ကမ်းစာစောင်တွေ ဖြန့်ဝေနေတယ်လို့ ဦးသန်းစိုးက ပြောပါတယ်။ “ဦးစီးဌာနအနေနဲ့ နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင်နေပါတယ်။ အထူးသဖြင့် လုပ်ငန်းကို မလွဲမသွေ လုပ်ရမှာဖြစ်တဲ့အတွက် တတ်နိုင်ရင် ရာသီဥတုမသာယာတဲ့ အခြေအနေမျိုး မိုးတိမ်တောင်တွေဖြစ်တဲ့ အချိန်မျိုးတွေမှာ လွတ်ကင်းနိုင်မယ့် တဲတို့ နေအိမ်တို့ ပြန်ဝင်ပြီး ရာသီဥတုသာယာမှ အလုပ်ပြန်ဆင်းရင် ဒါက သက်သာနိုင်တဲ့ အနေအထားရှိတယ်လို့ အကြံပြုချင်ပါတယ်။”  လယ်ယာလုပ်ငန်းလုပ်ကိုင်သူများကို မိုးရွာနေတဲ့ အခြေအနေမျိုးမှာ ကွင်းထဲ တစ်ယောက်တည်း ထီးထီးကြီးအလုပ်လုပ်နေရင် အန္တရာယ်ရှိနိုင်သလို မိမိတို့ကိုင်တွယ်တဲ့ စက်ယန္တရားတွေလည်း မိုးကြိုးပစ်ရင် လျှပ်စစ်ဓာတ်ကူးပြီးတော့ အသက်သေဆုံးတာတွေဖြစ်နိုင် လို့ မဖြစ်မနေ အလုပ်လုပ်ကိုင်နေရတဲ့ လယ်သမားတွေကို သတိပြုစေချင်တယ်လို့ ဆိုပါတယ်။ ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်း မိုးကြိုးပစ်ခံရမှုကြောင့် သေဆုံးသူဦးရေ ၁၃ ဦး နဲ့ ဒဏ်ရာရရှိသူ ၂ ဦးရှိခဲ့တယ်လို့ တိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။ မင်းထက်မုန်း (ပုသိမ်)
10 months Ago

June 23, 2020

ဧရာဝတီတိုင်းတွင် မိုးရာသီ လမ်းမပျက်စီးရန် လမ်းပေါင်း ၈၈ လမ်းကို ယာဉ်တန်ချိန် ကန့်သတ်

မိုးရာသီကာလအတွင်း ဧရာဝတီတိုင်းမှာ လမ်းပျက်စီးမှုတွေ မဖြစ်ပေါ်စေဖို့အတွက် လမ်းပေါင်း ၈၈ လမ်းကို ယာဉ်တန်ချိန်ကန့်သတ်ပြီး သွားလာခွင့်ပြုသွားမယ်လို့ တိုင်းအစိုးရအဖွဲ့ရုံးက တာဝန်ရှိသူက ပြောပါတယ်။ မိုးရာသီကာလ လမ်းမပျက်စီးဖို့အတွက် မြေသားခံနိုင်ဝန် လျှော့ချဖို့ လမ်းဦးစီးဌာနပိုင် လမ်းပေါင်း ၈၈ လမ်းကို ယာဉ်တန်ချိန်ကန့်သတ်ပြီး သွားလာခွင့်ပြုတာဟာ မိုးရာသီကာလမှာ နှစ်စဉ်လုပ်လေ့ရှိတယ်လို့ တိုင်းအစိုးရအဖွဲ့ရုံးက ပြောရေး ဆိုခွင့်ရှိသူ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေးက DVB ကို ပြောပါတယ်။ “ကျနော်တို့ တိုင်းရဲ့ ပထဝီအနေအထားအရ မိုးတွင်းဆိုရင် အောက်ကျ ရေရှိတယ်၊ အဲဒီတော့ တန်ပိုကန့်သတ်တာကို နှစ်စဉ်လုပ်ပါတယ်၊ အသိပညာပေးတာတွေ အရင်လုပ်ပါတယ်၊ လမ်းပေါင်းအားလုံးဆို ၈၈ လမ်းဖြစ်ပါတယ်။"  ယာဉ်တန်ချိန်သွားလာကန့်သတ်တာကို ဇွန် ၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ အသိပညာပေးလုပ် ငန်းတွေ လုပ်ဆောင်ပေးခဲ့ပြီး ဇွန်လ ၁၆ ရက်နေ့မှစတင်ကာ အရေးယူတဲ့လုပ်ငန်းတွေကို လုပ်ဆောင်နေကာ ယာဉ်တန်ချိန်ကန့်သတ်မှုမှာ အနည်းဆုံး ၃ လလောက်ကြာမြင့်နိုင်မယ်လို့ ဆိုပါတယ်။ ရန်ကုန်တိုင်းမှ ဧရာဝတီတိုင်းကိုလာရင် ဖြတ်သန်းသွားလာရတဲ့ ဆားမလောက်-ညောင်တုန်း ကားလမ်းကိုတော့ ၁၂ တန်နဲ့အောက် ယာဉ်များသာ သွားလာခွင့်ပြုထားပြီး ယာဉ်တန်ချိန် သတ်မှတ်ထားတဲ့ လမ်း ၈၈ လမ်းအတွက် ခရီးသည်ယာဉ်လိုင်းတွေကို ခရီးသည်နဲ့ လက်ဆွဲ တန်ဆာပစ္စည်းတွေ သယ်ဆောင်ခွင့်ပြုထားပြီး ခရီးသည်ယာဉ်လိုင်းတွေမှာ ကုန်ပစ္စည်းတွေ တင်ဆောင်လာပါက တန်ပိုသတ်မှတ်ချက်နဲ့ အရေးယူနေတယ်လို့ သိရပါယ်။ မိုးရာသီကာလ မြေသားခံနိုင်ဝန် လျော့ချဖို့နဲ့ လမ်းမပျက်စီးဖို့အတွက် လမ်းတွေကို ယာဉ်တန် ချိန်သတ်မှတ်ရာမှာ သက်ဆိုင်ရာမြို့နယ်အလိုက် လွှတ်တော်ကိုယ်စားလှယ်တွေ ဌာနဆိုင်ရာ ဝန်ထမ်းတွေက ပြည်သူတွေနဲ့ တွေ့ဆုံကာ အစည်းအဝေးလုပ်ပြီး ခရိုင်အဆင့် ပို့တာဖြစ်ပြီး တန်ချိန်သတ်မှတ်တာတွေကိုတော့ တိုင်းအစိုးရအဖွဲ့ ကက်ဘိနက်အစည်းအဝေးမှာ ဆုံးဖြတ်တာလို့ ဝန်ကြီးက ပြောပါတယ်။ ယာဉ်တန်ချိန်ကန့်သတ်သွားလာခွင့်ပြုထားတဲ့ လမ်းတွေကို တန်ချိန် အနည်းဆုံး ၂ တန်မှ အများဆုံး တန် ၂၀ ထိ ခွင့်ပြုထားတာဖြစ်ပြီး မိုးတွင်းကာလကုန်လွန်ပါက ပြန်လည်ဖွင့်လှစ်ပေးသွားမှာပါ။ လမ်းတွေပုံမှန်အတိုင်း တန်ချိန်ကန့်သတ်သွားလာမှု ပြန်ဖွင့်ရင်လည်း အသိပေးတာတွေ ပြုလုပ်ပေးမယ်လို့ သိရပါတယ်။ မင်းထက်မုန်း (ပုသိမ်)
12 months Ago
More News
Up