မိုးမောက်မြို့နယ်

February 23, 2021

မိုးမောက်မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုတွင် မသန်စွမ်းသူများလည်းပူးပေါင်း ပါ၀င်

ကချင်ပြည်နယ်၊ မိုးမောက်မြို့မှာ  ဒီနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့က ပြုလုပ်တဲ့ စစ်အာဏာရှင် ဆန့်ကျင်‌ရေးလူထု ဆန္ဒထုတ်ဖော်ပွဲမှာ မသန်စွမ်းသူတွေလည်း ပူးပေါင်းပါဝင်လာပါတယ်။ 

ဆန္ဒပြရာမှာ ပါဝင်တဲ့ မသန်းစွမ်းသူ တစ်ဦးက “ကျနော်တို့ မသန်စွမ်းတွေရဲ့ အခွင့်အရေးတွေဟာ ၂၀၁၀ မရောက်ခင်က မှောင်အတိ ဖုံးနေခဲ့ရတယ်။ ၂၀၁၀ အစိုးရအသစ်တက်လာပြီးတဲ့နောက်ပိုင်းမှ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးဟာ တိုးတက်လာခဲ့တယ်။ အရပ်သားအစိုးရ လက်ထက်မှာ ပိုလို့ကျနော်တို့ အတွက်ဆောင်ရွက်မှုတွေရှိခဲ့တယ်။ စစ်အာဏာရှင်စနစ်ကို ကျနော်တို့လည်း ဆန့်ကျင်ပါတယ်”လို့ ပြောပါတယ်။

ဒီမိုကရေစီဖက်ဒရယ်စနစ်ရမှသာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးတွေအတွက် အဆင်ပြေစေမှာဖြစ်ပြီး လူ့အခွင့်အရေးတွေတိုးတက်လာမှ မသန်စွမ်းတွေအတွက် မျှော်လင့်ချက်ရှိမှာလို့  မသန်စွမ်းတစ်ဦးက ပြောပါတယ်။

ဒီမနက် ဆန္ဒပြပွဲမှာ ကချင်တိုင်းရင်းသားတွေက တယောတူရိယာတီးဝိုင်းတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

မိုးမောက်မြို့ရှိ ပြည်သူလူထုဟာ   စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို ဖေဖော်ဝါရီ ၁၁ ရက်က စတင်ခဲ့ကြတာဖြစ်ပြီး ဒိမတိုင်ခင်ကတော့  ဗန်းမော်မြို့က လူထုနဲ့ ပူးပေါင်းပါ၀င်ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။

ဇော်လင်းအောင် (ဗန်းမော်)

2 months Ago

August 19, 2020

မိုးမောက်မြို့နယ်တွင် တာပိန်မြစ်ရေကြီးပြီး စပါးဧကထောင်ချီ ရေထဲနစ်မြုပ်နေ 

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်ထဲမှာ  ပြီးခဲ့တဲ့ရက်ပိုင်းက မိုးသည်းထန်ပြီး တာပိန်မြစ်ရေတွေလျှံကျလာတဲ့အတွက် မြစ်ကမ်းဘေးရှိ လယ်ကွင်းထဲကိုရေတွေဝင်ပြီး စပါး ပင်တွေ ဧကပေါင်းထောင်ချီ ပျက်စီးဆုံးရှုံးမှာကို ဒေသခံတွေ စိုးရိမ်နေပါတယ်။  မနေ့က တနေကုန်မိုးရွာတဲ့အပြင် ဒီကနေ့လည်းမိုးထပ်ရွာနေတဲ့အတွက် လယ်ကွင်းထဲ ရေတွေဝင်တဲ့အပြင် မန်နောင်ရွာရှိ ဘုန်းတော်ကြီးကျောင်းဝင်းထဲမှာလည်း ရေတွေပြည့်နေတယ်လို့ သိရပါတယ်။   ရွာမှာ ပြီးခဲ့တဲ့လကလည်း ရေကြီးလို့ စပါးပင်ဧက ၁၀၀၀ ကျော်ပျက်စီးခဲ့ပြီး နောက်တ ခေါက်ပြန်စိုက်ထားရာက အခုလိုရေကြီးမှုထပ်ကြုံရတာလို့ မန်နောင်ရွာသား စိုင်း၀ဏ္ဏအောင်က  ဒီဗွီဘီကို ပြောပါတယ်။  “မနေ့ကမိုးတနေကုန်ရွာ၊ အခုလည်းရွာနေတယ်။ လယ်ကွက်တွေလည်း ရေထဲမြှုပ်သွား ပြန်ပြီ။ အရင်တခေါက်ထက်ပိုများနေတယ်။ အခုက ၂ ပေ ၃ ပေလောက်ရေတက်နေတယ်။ ဒီ စပါးပင်တွေက အရင်တခေါက်ပျက်စီးသွားလို့ နောက်ထပ် ပြန်စိုက်ထားတာ။ အပင်ကနည်းနည်း ကြီးနေပြီ၊ ဘယ်လိုလာဦးမလဲမသိဘူး။ ရေကတော်တော်နဲ့ပြန်မကျရင် စိုးရိမ်ရပါတယ်။” မန်နောင်ရွာမှာ ပြီးခဲ့တဲ့လက ရေကြီးလို့ လယ်ကွက်ဧကပေါင်း ၂၇၀၀ ကျော်ရေမြှုပ်ပြီး အမြစ်တွေပုပ်တာ၊ ရွှံ့နွံတွေထဲပါသွားတာကြောင့် လယ်ဧက ၁၀၀၀ ကျော်ပျက်စီးသွားတဲ့အတွက် ပျက်သွားတဲ့စပါးပင်တွေအစား ရွာသားတွေက ကိုယ်ထူကိုယ်ထပြန်စိုက်ခဲ့ရပါတယ်။  မိုးမောက်မြို့နယ်တွင်းရှိ တာပိန်မြစ်တလျှောက်မှာ မန်နောင်၊ ခုံစင်း၊ စီကော် စတဲ့ ကျေးရွာအုပ်စု ၃ စုရှိပြီး မန်နောင်ရွာအပြင် ပန်ချိုးဟိုင်၊ နောင်ပေါင်း၊ တာဟိုက်လူင်၊ ခုံဆင့်ရွာသစ်၊ ခုံဆင့်ရွာဟောင်း၊ အောင်တံခွန်၊ ချောင်းဝ၊ စီကော်စတဲ့ရွာမှာလည်း စပါးခင်းထဲရေ တွေဝင်နေကြောင်း၊ ရွာအားလုံးပေါင်းရဲ့ စပါးခင်းတွေဟာ ဧက ပေါင်း ၁၀၀၀၀ ကျော်မယ်လို့ စိုင်း၀ဏ္ဏအောင်က ခန့်မှန်းပြောဆိုပါတယ်။  ဒီကနေ့မနက်က ဗန်းမော်ခရိုင်အုပ်ချုပ်ရေးမှူး၊ မိုးမောက်မြို့ နယ်အုပ်ချုပ်ရေးမှူးနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေဟာ မန်နောင်ရွာရဲ့ ရေကြီးမှုအခြေအနေကို လာရောက်စစ်ဆေးသွားပြီး ပျက်စီးဆုံးရှုံးမှုစာရင်းတွေ ကောက်ယူတင်ပြပေးဖို့ မှာကြားခဲ့ကြောင်း မန်နောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးရုံးတာဝန်ကျဝန်ထမ်းကို အေရာလင်းက ဒီဗွီဘီကိုပြောပါတယ်။ 
8 months Ago
More News
Up