မိုးညှင်းတွင် ရိုးရာအစားအစာ ကောက်ညှင်းကျည်တောက်အား စီးပွားဖြစ် လုပ်ကိုင်လာကြ

December 24, 2017

မိုးညှင်းတွင် ရိုးရာအစားအစာ ကောက်ညှင်းကျည်တောက်အား စီးပွားဖြစ် လုပ်ကိုင်လာကြ

  ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် ဒေသထွက်ရိုးရာအစားအစာ ကောက်ညှင်းကျည်တောက် ဒေသအခေါ် ပေါင်းသင်းလုပ်ငန်းဟာ ဆောင်းရာသီမှာ ရောင်းအားကောင်းတဲ့အတွက် ဒေသခံတွေ စီးပွားဖြစ် လုပ်ကိုင်လာကြပါတယ်။ ကောက်ဦးပေါ်ချိန် သီတင်းကျွတ်လမှစပြီး တပေါင်းလ သင်းဝါးရင့်ချိန်အထိ ပြုလုပ်ရောင်းချနေကြတာပါ။ မိုးညှင်းမြို့မှာ ပေါင်းသင်းပြုလုပ်ရောင်ချသူဒေသခံများ အများအပြားရှိပြီး ကောက်ညှင်းဆန် ၂၄ ပြည်ပါ ၃အိတ်မှ အနည်းဆုံး ၈ ပြည်အထိ တရက်စာပြုလုပ်ကြရတယ်လို့ သိရပါတယ်။ ဒီရာသီမှာ ပေါင်းသင်းမှာသူတွေဟာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ထိုင်း၊ တရုတ်၊ စင်ကာပူ၊ ကိုးရီးယား တွေအထိ မှာယူစားသောက်ကြတယ်လို့ ဈေးသည်တဦးကပြောပါတယ်။ ပြုလုပ်ပုံအဆင့်ဆင့်မှာ ရေစိမ်ပြီးကောက်ညှင်းဆန်ကို အုန်းဆံ၊ ပဲ၊ ငါးပေါက်ဆံ၊ ပြောင်းဆံ၊ မိမိကြိုက်ရာတမျိုးနဲ့ ဆား၊ ဆီ ရောသမပြီး မနုမရင့် သင်းဝါးကျည်တောက်ထဲ သွတ်ထည့် ရေထည့်ပြီး ထောင်လိုက်မီးဖုတ်ကာရေခန်းချိန် မီးဖိုအောက်မှာ ဖြည်းဖြည်းချင်းနှပ်ရတာပါ။ ကျက်ရင် အကြမ်းအချောအဖြစ် ဓားနဲ့ဝါးကို ၂ ကြိမ် အခွံခွာရပြီး သဘာဝဆွဲဆောင်မှု ရနံ့ မွှေးနေတဲ့ ပေါင်းသင်းကိုရရှိပါပြီ။ အခုလလိုအေးလှတဲ့မိုးညှင်းမြို့ရဲ့ မနက်ဈေးညဈေးများမှာ ပေါင်းသင်းမီးကင်ကိုတို့ စရာဆီတိုဖူး၊ ခရမ်းချဉ်သီးထောင်းတွေနဲ့ တွဲဖက်ရောင်းချကြပြီး စည်ကားနေကြတာကိုတွေ့နိုင် ပါတယ်။ ပေါင်းသင်းတကျည်ကို ၂၀၀၀ ကျပ်နဲ့ ၁၅၀၀ ကျပ် ရရှိ ကာ တရက်အကျည်ပေါင်း ၃၀ မှ ၃၀၀ ကြား ရောင်းချနေရတယ်လို့ သိရပါတယ်။ ဒါဟာ စားသုံးသူများအကြိုက် ဘယ်တော့မှ မရိုးနိုင်ဘဲ နှစ်စဉ်တိုးပွားလာမယ့် မိုးညှင်းဒေသခံတွေရဲ့ ရာသီချိန်ရိုးရာ အစားအစာစီးပွားရေးဈေးကွက် တခုဖြစ်ပါတယ်။ မုန်းမုန်းမင်း
3 years Ago
Up