မိုးညှင်းတွင်

November 27, 2017

မိုးညှင်းတွင် တပ်ကြပ်ကြီးတဦး မောင်းနှင်သည့် ကားပေါ်မှ ကျွန်းခွဲသားများ ဖမ်းမိ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မြို့အ၀င်ဂိတ်မှာ နိုဝင်ဘာ ၂၆ ရက် ညနေ ပိုင်းက တပ်ကြပ်ကြီးတဦး မောင်းနှင်လာတဲ့ ကားထဲက ကျွန်းသစ်ခွဲသားတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဟိုပင်ရဲစခန်းက ပြောပါတယ်။ ဟိုပင်ဘိနယ်တာဝန်ခံ တောအုပ် ဦးစိုးညွန့်အောင်၊ ဟိုပင်ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်၊ ဒုရဲအုပ်ရှိန်းထက်ဦး ဦးစီးအဖွဲ့ အမှတ် ၃ စစ်ဖက်ရေးရာလုံခြုံရေးတပ်စုမှ တပ်ကြပ်ကြီးတို့ ပူးပေါင်းအဖွဲ့ဟာ သက်သေတွေနဲ့အတူ သတင်းအရ ဟိုပင်မြို့ဝင်ဂိတ်မှာ စောင့်ဆိုင်းနေချိန် ယာဉ်မောင်းတပ်ကြပ်ကြီး အောင်နိုင်စိုး မောင်းနှင်လာပြီး သစ်ပိုင်ရှင်ဖြစ်သူ ဒေါ်သင်းသင်းမြတ် လိုက်ပါလာတဲ့ ကားကိုစစ်ဆေးခဲ့တာပါ။ ကားကို စစ်ဆေးရှာဖွေရာ ကားနောက်ခန်းမှာ တရားမဝင်သယ်ဆောင်လာတဲ့ ကျွန်းခွဲသားဆိုဒ်စုံ ၂၄၉ ချောင်း၊ အလေးချိန် ၁ ဒသမ ၀၈၆၂ တန်တို့ကို တွေ့ရှိလို့ သိမ်းဆည်းခဲ့တာလို့ ဆိုပါတယ်။ ဟိုပင်ရဲစခန်းမှူး ရဲအုပ်ထိန်လင်းက “စစ်တပ်ကဆိုတော့ သူတို့တပ်ကို ပြန်လွှဲပေးရမှာပါ။ ခုလောလောဆယ်တော့ ဟိုပင်ရဲစခန်းမှာပဲ ထိန်းသိမ်းထားပါတယ်” လို့ ပြောပါတယ်။ ဟိုပင်ရဲစခန်းက တပ်ကြပ်ကြီးအောင်နိုင်စိုးနဲ့ ဒေါ်သင်းသင်းမြတ် တို့ကို သစ်တောအက်ဥပဒေပုဒ်မ-၄၃(က) နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ မုန်းမုန်းမင်း
3 years Ago

November 23, 2017

မိုးညှင်းတွင် ရခိုင်စာပေနှင့်ယဉ်ကျေးမှုဆိုင်းဘုတ် အဆောက်အဦ မီးရှို့ဖျက်ဆီးခံရ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့မှာ ရခိုင်စာပေနဲ့ယဉ်ကျေးမှု အဖွဲ့ရဲ့ဆိုင်းဘုတ်နဲ့ အဆောက်အဦတခုကို မီးရှို့ဖျက်ဆီးခံရတဲ့အတွက် နိုဝင်ဘာ ၂၂ ရက်ည ၁၀ နာရီက မိုးညှင်းရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။ ဖြစ်ပွားပုံမှာ မိုးညှင်းမြို့ရှောင်လမ်း အဝေးပြေးကားဂိတ်အနီး မြေကွက်မှာ ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ အတွက် ၁၂×၁၈ ပေအမြင့် ၁၂ ပေ ၂ခန်းတွဲ သွပ်မိုး၊ ပျဉ်ခင်း၊ ထရံကာ အဆောက်အဦကို ဆောက်ထားပြီး အဆောက်အဦရှေ့မှာ ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ မိုးညှင်းမြို့နယ်မြေနေရာလို့ ရေးသားထားတဲ့ ဗီနိုင်းဆိုင်းဘုတ်တခု စိုက်ထူထားပြီး အမှုဆောင် ဦးသန်းမြင့်ကို ညအိပ်အဖြစ်ထားခဲ့တယ်လို့ သိရပါတယ်။ ဦးသန်းမြင့်က နိုဝင်ဘာ ၁၅ ရက်နေ့ကစပြီး စပါးရိတ်ပြန်သွားခဲ့ပြီး နိုဝင်ဘာ ၂၁ ရက်နေ့မှာ ဦးမောင်ထွေးနဲ့အတူ အဆောက်အဦဆီပြန်လာရာ မီးလောင်ထားတာကို တွေ့ရလို့ ရခိုင်ယဉ်ကျေးမှုဥက္ကဋ္ဌ ရွာသစ်ကုန်းကျေးရွာ ရာအိမ်မှုးတို့နဲ့ အောက်ခင်းပျဉ်၊ တိုင်၊ ထရံ နဲ့ ဆိုင်းဘုတ်တို့ မီးလောင်ကျွမ်းနေလို့ ရဲစန်းမှာ အမှုဖွင့်ခဲ့တယ်လို့ သိရပါတယ်။ “ဒါဟာရှို့မီးဖြစ်ပါတယ်။ လာရောက်နားခိုသူတွေရဲ့ ဆေးလိပ်မီးမတော်တဆဆိုရင် အရှေ့က ဆိုင်းဘုတ်ကျန်နေရမှာ။ ခုတော့ ဆိုင်းဘုတ်ကို သေချာခွာချပြီး ရှို့သွားတာပါ။ ဒါဟာ ဒုတိယအကြိမ်ဖျက်ဆီးခံရတာပါ။ ၂၀၁၆ ခုဒီဇင်ဘာလတုန်းကလည်း ကျနော်တို့ ထောင်ထားတဲ့ ဒီရခိုင်စာပေနှင့်ယဉ်ကျေးမှု ဆိုင်းဘုတ်ကို ကျကျနန ဖျက်ဆီးတာခံရပြီးပါပြီ။ ကျနော်တို့ ၁၈ သိန်း အကုန်ခံပြီး ဆောက်ခဲ့တာပါ” လို့ ရခိုင်စာပေနဲ့ယဉ်ကျေးမှုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးထွန်းမြင့်က ပြောပါတယ်။ မိုးညှင်းရဲစခန်းက ရာဇသတ်ကြီးပုဒ်မ-၄၃၆ နဲ့ အမှုဖွင့်ထားပြီး တရားခံ ဖမ်းဆီးရမိရေးအတွက် စုံစမ်း စစ်ဆေးနေတယ်လို့ သိရပါတယ်။ သတင်း - မုန်းမုန်းမင်း
3 years Ago
More News
Up