မိုးညှင်း

May 20, 2019

မိုးညှင်းတွင် တအိမ်တက်ဆင်း မိုင်းအသိပညာပေး ပြုလုပ်မည်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ထန်းတပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ မေ ၁၉ ရက် ညနေပိုင်းက မိုးညှင်းခရိုင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့က ကျေးရွာသူကျေးရွာသားတွေကို ခေါ်ယူပြီး မိုင်းအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါတယ်။ မိုးအသိပညာပေးပြုလုပ်ဖို့ ခဏခဏ စီစဉ်ထားပေမယ့် လက်လုပ်လက်စား တောသူတောင်သားတွေ ဖြစ်ကြတာကြောင့် လူစုလို့မရဘဲ တအိမ်တက်ဆင်း မိုင်းအသိပညာပေးသွားမယ်လို့ ခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူးက ပြောပါတယ်။ “မိုင်းအန္တရာယ်က ကင်းလွတ်အောင် လျော့ပါးသက်သာအောင် မိုင်းနဲ့တွေ့ရင် ဘယ်လိုရှောင်ရှားရမလဲ၊ နောက်ထပ်လူတွေ မမိအောင် ကာကွယ်မှုနဲ့ မိုင်းတွေ့ရင် ဘယ်သူ့ကို ဘယ်လို ဆက်သွယ်အသိပေးရမလဲ၊ ဘယ်လိုပစ္စည်းတွေက မိုင်းဖြစ်နိုင်သလဲ၊ ဆိုတာတွေ ပြောပြခဲ့ပါတယ်။ မိုင်းအန္တရာယ် အသိပညာပေးလုပ်ပြီး သွားရင်လည်း ဒီတောထဲ တောင်ထဲမှာပဲ ရွာသူရွာသားတွေက ရှာစားကြရဦးမယ်ဆိုတော့ ဒီအသိပညာ ရသွားသူတွေကတော့ နည်းနည်းပါးပါး ရှောင်ရှားတတ်သွားနိုင်ပေမယ့် လာနားမထောင်နိုင်တဲ့လူတွေကတော့ ဒီအန္တရာယ်ကို ခံစားနေရဦးမယ်လို့ ထင်ပါတယ်။” ထန်းတပင်ကျေးရွာ မိုင်းပညာပေးဟောပြောပွဲမှာ မိုင်းအသိပညာပေး လက်ကမ်းစာစောင်တွေလည်း ဝေငှခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းအန္တရာယ်ကို ကချင်ပြည်နယ် မိုးညှင်းခရိုင်က အများဆုံး ခံစားရတယ်လို့ ခရိုင်ကြက်ခြေနီအဖွဲ့မှ သိရပါတယ်။ မိုးညှင်းခရိုင် ထန်းတပင်ရွာကတော့ ၂၀၁၇ မှ ၂၀၁၉ အထိ မိုင်းထိသူ ၈ ဦးရှိပြီး သေဆုံးသူလည်း ရှိတယ်လို့ သိရပါတယ်။
2 years Ago

April 20, 2019

မိုးညှင်းတွင် ပုညရှင်စက္ခုပါလ မျက်စိကုဆေးရုံသစ်ကြီးဖွင့်လှစ်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ ပုညရှင်တောရ အပြည်ပြည်ဆိုင်ရာ ဝိပဿနာ ရိပ်သာမှာ ပုညရှင်စက္ခုပါလ (အခမဲ့) မျက်စိကုသဆေးရုံသစ်ကြီး ဖွင့်ပွဲနဲ့ တတိယအကြိမ် (အခမဲ့) မျက်စိစမ်းသပ်ခွဲစိတ်ကုသပွဲကို ဒီနေ့မနက် ကျင်းပခဲ့ပါတယ်။ “မိုးညှင်းမြို့က ခရိုင်မြို့ တော်ဖြစ်ပြီး ခရိုင်ဆေးရုံမရှိဘူး။ ခရိုင်ဆေးရုံမရှိတော့ မျက်စိကုသတဲ့ ဆရာဝန်မရှိလို့ မျက်စိဝေဒနရှင်တွေ အားကိုးရာမဲ့နေတယ်။ အဲဒီကွက်လပ်ကို ဖြည့်ပေးတာဖြစ်ပါတယ်။ ပြီးတော့ လူ့ဘဝမှာ မှတ်တမ်းလေးတခုတော့ စိုက်ထူချင်လို့ အမြူ တေဖြစ်တာတော့ကြာပါပြီ။ ငွေကြေးအခက်အခဲကြောင့် ကြန့်ကြာနေတာပါ” လို့ မိုးညှင်းမြို့ ပုညရှင်စက္ခုပါလဆေးရုံ ဆရာတော် ဒေါက်တာ အရှင်ကစ္စယန(သြစတေးလျ)က မိန့်ကြားပါတယ်။ ဆရာတော်ဦးဆောင်မှုနဲ့ ရန်ကုန်မြို့က မျက်စိပါရဂူကြီးတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေ ကိုယ်တိုင်လာရောက်ပြီး မျက်စိဝေဒနာရှင်တွေကို မခွဲစိတ်မီနဲ့ ခွဲစိတ်ပြီးတဲ့အထိ စမ်းသပ်ခ၊ ခွဲစိတ်ခ၊ မျက်မှန်၊ ဆေးဝါး၊ အစရှိတာတွေကို အခမဲ့ကုသပေးမယ်လို့ သိရပါတယ်။ “အဝေးမြို့ကိုသွားဖို့ဆိုတာ၊ ကျမတို့ တောသူတောင်သားတွေအနေနဲ့ အရမ်းကို ခက်ခဲပါတယ်။ ငွေကြေးကပထမဆုံးပေါ့။ ပြီးတော့အချိန်။ တယောက်တည်းသွားလို့လည်း အဆင်မပြေဘူး။ ဆေးဖိုးထက် ဝါးဖိုးက ပိုအရေးကြီးပြန်ရော။ ဒီမှာက အခမဲ့ဆိုတော့ ပိုပြီးအဆင်ပြေတယ်။ ဆရာတော်ကို အရမ်းကျေးဇူးတင်ပါတယ်။ မနက် ၆ နာရီကစပြီးဖွင့်ပြီပြောလို့ ရွာကတယောက်တည်း အစောကြီးလာခဲ့တာ” လို့ ပင်းဟဲကျေးရွာမှ မျက်စိလာရောက်ကုသတဲ့ ဝေဒနာရှင်မိန်းကလေးက ပြောပါတယ်။ စက္ခု ပါလ ဆေးရုံအနေနဲ့ တနှစ်မှာတကြိမ် မျက်စိဝေဒနာရှင်သုံးထောင်ကို ကုသပေးဖို့၊ တပတ်မှာနှစ်ကြိမ် အထွေထွေ ရောဂါကုသမှုပြုလုပ်ပေးဖို့ လျာထားခဲ့ပြီး ကုသမှု အားလုံးအတွက် ပုညရှင်စက္ခု ပါလအစီအစဉ်နဲ့ အခမဲ့ပြု လုပ်ပေးမယ်လို့ သိရပါတယ်။ ဧပြီ ၂၀ ကနေ ၂၂ ရက် အထိ မျက်စိစမ်းသပ်မှုပြုလုပ်မှာဖြစ်ပြီး ဧပြီ ၂၃ ကနေ ၂၅ ရက်မှာ ခွဲစိတ်မှု ပြုလုပ်သွားမယ်လို့ သိရပါတယ်။
2 years Ago
More News
Up