မိုးဇလ

September 4, 2021

ဧရာဝတီမြစ်ကမ်းဘေးရှိ မြို့ ၃ မြို့ မြစ်ရေကြီးနိုင်ဟု မိုးဇလ သတိပေး

ဆိပ်သာ၊ ဟင်္သာတနဲ့ ဇလွန်မြို့နယ်တွေထဲက  ဧရာဝတီမြစ်ကမ်းနားနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေအနေနဲ့ မြစ်ရေကြီးနိုင်တဲ့အလားအလာတွေရှိတာကြောင့် အထူးသတိပြု နေထိုင်ကြ ဖို့ မိုးလေဝသနှင့်ဇလဗေဒဌာနက ဒီနေ့ စက်တင်ဘာ ၄ ရက်မှာ သတိပေးချက် ထုတ်ပြန်ပါတယ်။

ဒီမနက် မြန်မာစံတော်ချိန် ၇ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေဟာ ဆိပ်သာမြို့ရဲ့ စိုးရိမ်ရေမှတ် အထက်သို့  ၉ လက်မခန့်၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့် ကျော်လွန်နေတယ်လို့ ဆိုပါတယ်။

မြစ်ရေဟာ  နောက် ၃ ရက်မှာတော့ အဲဒီမြို့တွေရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်ရှိနေဖွယ်ရှိနေတယ်လို့လည်း မိုးဇလက ခန့်မှန်းထားပါတယ်။

3 weeks Ago

August 31, 2021

ညောင်ဦးမြို့ ကမ်းနားလမ်း နေအိမ်များ မြစ်ရေဝင်ရောက်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းဒေသ ဧရာဝတီမြစ်ကမ်းဘေး ကမ်းနားလမ်းရှိ နေအိမ်များ သြဂုတ် ၃၀ ရက် ညနေပိုင်းက မြစ်ရေဝင်ရောက်နေတာကြောင့် ပြောင်းရွှေ့ဖို့ ပြင်ဆင်နေကြတယ်လို့ ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာနက သိရပါတယ်။

ညောင်ဦးမြို့ရဲ့ ဧရာဝတီမြစ်ရေဟာ သြဂုတ် ၃၀ ရက် ညနေပိုင်းက ၂၁၀၈ စင်တီမီတာ ရောက်ရှိနေပြီး စိုးရိမ်ရေအမှတ် ရောက်ဖို့ ၆လက်မ (၁၂ စင်တီမီတာ) အလိုမှာ ရှိနေတာပါ။

လက်ရှိ ညောင်ဦးမြို့ အမှတ် ၁၊ ၂၊ ၄ ရပ်ကွက်တို့ရှိ ကမ်းနားလူနေအိမ် ၄၀ လောက် မြစ်ရေဝင်ရောက်နေတာလို့ ဒေသခံတဦးက ပြောပါတယ်။

“ဧရာဝတီမြစ်ရေကြီးချိန် ရေဝင်ရောက်လေ့ရှိတဲ့ ကမ်းနားလမ်းရှိ ရပ်ကွက်တွေနဲ့ အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေဝင်နေပါပြီ၊ လက်တစ်လောအခြေအနေမှာ စိုးရိမ်ဖွယ်မရှိသေးပါဘူး၊ မြစ်ရေဆက်လက်မြင့်တက်လာနိုင်တယ် ပြောတော့ ရွှေ့ပြောင်းဖို့ ပြင်ဆင်နေပြီ။”

အခုရက်ပိုင်းအတွင်း ရက်ဆက်မိုးရွာသွန်းမှုကြောင့် မြစ်ရေဆက်လက်မြှင့်တက်နိုင်ရာ နှစ်စဉ် ရေဝင်လေ့ရှိတဲ့ ရပ်ကွက်တွေမှာ မြို့နယ်မီးသတ်ဦးစီးဌာနမှ အသိပေးတာတွေ လုပ်ဆောင်ပေးနေပါတယ်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဧရာဝတီမြစ်ရေဟာ ညောင်ဦးမြို့ရဲ့ စိုးရိမ်ရေအမှတ်ကို နောက်နှစ်ရက်အတွင်း ရောက်ရှိနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။

ညောင်ဦးမြို့နယ်မှာ မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေးနဲ့ အခြားသော သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ၀၆၁ ၂၄၆၀၁၉၁၊ အရေးပေါ်   ၁၉၁ နဲ့ ၀၉ ၄၀၂၇၅၃၈၉၆ တို့သို့ အချိန်မရွေး ဆက်သွယ်အကူအညီ တောင်းခံနိုင်တယ်လို့ သိရပါတယ်။

3 weeks Ago
More News
Up