မိုးစပါးချေးငွေ

May 19, 2018

ဝမ်းတွင်းတွင် မိုးစပါးစိုက်တောင်သူများအား ကျပ်သန်း ၁၂၀၀၀ ထုတ်ချေးမည်

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ လယ်ယာဖွံ့ဖြိုးရေးဘဏ်က မိုးစပါးစိုက် တောင်သူတွေကို ကျပ်သန်း ၁၂၀၀၀ ထုတ်ချေးမယ်လို့ မေလ ၁၈ ရက်နေ့က မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်က ပြောပါတယ်။ ဝမ်းတွင်းမြို့နယ် လယ်ယာဘဏ်မန်နေဂျာ ဦးဝင်းထိန်ဦးက “ဒီနေ့ပဲစပြီး တောင်သူတွေကို မိုးစပါးချေးငွေ ထုတ်ပေးနေပါပြီ။ အရင်နှစ်က ချေးငွေ ၈၅ ရာနှုန်း ပြန်ဆပ်ထားကြပါတယ်။ ဒီနှစ်က ငွေချေး စနစ်အသစ်နဲ့ ချေးနေတာပါ။ ချေးငွေမကျေ ဝိုင်းကူဆပ်စနစ် မဟုတ်တော့ပါဘူး။ လယ်ယာမြေပုံစံ ၇ ကို ဘဏ်မှာအပ်နှံပြီး တဦးချင်း ကတိနဲ့ ချေးတာပါ။ တမြို့နယ်လုံး ဧက ၇ သောင်းကျော် ယာသီးနှံဧက ၃ သောင်းလောက် ချေးမှာပါ။ ၂၀၁၈-၁၉ ခုနှစ် မိုးစပါးစိုက်ဖို့ချေးငွ ကျပ်သန်း ၁၂၀၀၀ ချေးသွားမယ်၊ လယ် ၁ ဧက ၁ သိန်းခွဲ၊ ယာ ၁ ဧက ငါးသောင်းနှုန်း ချေးမှာပါ” လို့ ပြောပါတယ်။ တောင်သူ ဦးညွန့်ခင်က “၁ ဧကကို စပါးစိုက်စရိတ် ၃ သိန်းကျော်လောက်ရှိတယ်။ လယ်ယာဘဏ်က ၁ သိန်းခွဲပဲ ချေးတယ်။ တဝက်ပဲချေးတာဆိုတော့ ပိုက်ဆံလိုနေသေးတာပေါ့။ တောင်သူတဦးကို ၁၀ ဧကစာပဲ ချေးတာပါ။ ဧကအများကြီးစိုက်တဲ့ တောင်သူတွေကတော့ ပိုက်ဆံလိုတာပေါ့။ ကောက်စိုက် ပျိုးနုတ် အလုပ်သမားခတွေကလည်း ဈေးတက်တော့ အခုထက်ပိုပြီး လယ်ယာဘဏ်က ချေးပေးစေချင်တယ်” လို့ ပြောပါတယ်။ ၂၀၁၇-၁၈ ခုနှစ်က ကျပ်သန်း ၁၁၀၀၀ ကျော် ချေးပေးခဲ့ပြီး ယာသီးနှံအနေနဲ့ မြေပဲနဲ့ဝါက ဧက ၁ ထောင်ကျော်လောက်ပဲရှိကာ နှမ်းစိုက်ဧက အများဆုံးဖြစ်တယ်လို့ လယ်ယာဘဏ်က ပြောပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
3 years Ago

March 6, 2018

ရေးမြို့နယ်၌ လာမယ့်ဘဏ္ဍာနှစ် မိုးစပါးချေးငွေ ပိုမိုထုတ်ချေးမည်

မွန်ပြည်နယ် ရေးမြို့နယ်မှာ လယ်သမားတွေအတွက် မိုးစပါးချေးငွေကို ဒီနှစ် လာမယ့်၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွင်းမှာ ကျေးရွာပေါင်း ၂၃ အုပ်စုက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ မနှစ်ကထက် ပိုမိုထုတ်ချေးသွားဖို့ ရှိနေပါတယ်။ အခုလာမယ့် ဘဏ္ဍာနှစ်မှာ စိုက်ဧက ၁၀၇၈၆ ဧကအတွက်  ချေးငွေပေါင်း ကျပ်သိန်းပေါင်း ၁၆၁၅၂ သိန်း သတ်မှတ်ထားတာတယ်လို့ မြို့နယ် မြန်မာ့လယ်ဖွံ့ဖြိုးရေးဘဏ်ခွဲကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်က စိုက်ဧက ၉၉၆၉ အတွက် ချေးငွေကျပ်သိန်းပေါင်း ၁၄၉၅၃ ဒသမ ၅၀ ဖြစ်လို့ မနှစ်ကထက် ကျပ်သိန်း ၁၁၉၈ ဒသမ ၅၀ ပိုမိုထုတ်ချေးဖို့ ရှိနေတာဖြစ်ပါတယ်။ မြို့နယ် မြန်မာ့လယ်ဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်နန်းမြင့်မြင့်အေးထွန်းက “တောင်သူလယ်သမားအများစုမှာ စပါးအထွက်နှုန်းလည်း အရင်နှစ်ထက် ပိုမိုထွက်ရှိခဲ့ကြသလို စပါးဈေးလည်း ဈေးကောင်းရရှိလာတဲ့အခါ ထုတ်ယူချေးထားတဲ့ ငွေတွေကို သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေအတိုင်း အချိန်မီပေးသွင်းနိုင်ခဲ့ကြပြီး အခုလာမယ့် မိုးစပါးအတွက် ပိုမို ထုတ်ချေးရတာ ဖြစ်တယ်”လို့ပြောပါတယ်။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက မိုးစပါး ထုတ်ချေးပေးတဲ့ လယ်သမားတွေကို မွန်ပြည်နယ် မြို့နယ် ၁၀ မြို့နယ်မှာ ရေးမြို့နယ်က သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်း ရာခိုင်နှုန်းပြည့် ပထမအဦးဆုံး ပေးသွင်းခဲ့တဲ့ မြို့တမြို့ ဖြစ်တယ်လို့ သိရပါတယ်။ သတင်း - နေမျိုးထွဋ်
3 years Ago
Up