မိုးစပါး

August 10, 2021

စိုက်ပျိုးရေးသွင်းအားစုဈေး နှစ်ဆမြင့်တက်မှုကြောင့် လယ်သမား‌များ အခက်အခဲကြုံ

၂၀၂၁ ခုနှစ် မိုးစပါး စိုက်ပျိုးကြမယ့် တောင်သူလယ်သမားတွေဟာ စိုက်ပျိုးရေး သွင်းအားစု တွေ ဖြစ်တဲ့ ဓာတ်မြေဩဇာနဲ့ ပိုးသတ်ဆေးဈေးတွေ အရင်နှစ်ကထက် ထက်ဝက်ကျော် မြင့်တက်နေတာကြောင့် အခက်အခဲကြုံနေကြပါတယ်။ 

လယ်သမားအများစုဟာ ကိုယ်ပိုင်အရင်းအနှီးတတ်နိုင်သူက သုံးပုံတပုံသာရှိပြီ်၊ ကျန်နှစ်ပုံက ငွေတိုးယူ၊ စပါးချင် (စပါးကြိုရောင်း) ငွေယူပြီး လယ်ယာအရင်းအနှီး စိုက်ထိုး လုပ်ကိုင်နေကြရတာလို့ ဝက်လက်မြိုနယ် ဒေသခံလယ်သမားတစ်ဦးကပြောပါတယ်။ 

“အရင်နှစ်က မြေဆီဈေးက တစ်သောင်းခုနစ်ထောင်၊ တစ်သောင်းရှစ်ထောင်တန်က၊ သုံးသောင်းခွဲလောက်အထိ ဖြစ်ပြီး၊ နှစ်သောင်းသုံးလေးထောင်တန်က ငါးသောင်းခွဲအထိ ဓာတ်မြေဩဇာဈေးတွေက တအားတက်သွားတာ၊ ဒါတောင် လက်ငင်းဝယ်နိုင်မှ အရင်ကလို သီးနှံပေါ်ပေး မရောင်းတော့ဘူး။ အဲဒီလိုဆိုတော့ လယ်သမားက ဘယ်လိုလုပ်တွက်ခြေကိုက်မှာလဲ အခြားလုပ်တတ်စရာမရှိလို့သာ ကြိတ်မှိတ်လုပ်ကြရတာ။ သီးနှံပေါ်ချိန်စပါးဈေးက ဘာမှန်း မသိတော့ စိတ်ကူးယဉ်လို့လဲမရဘူး၊ ပြီးမှ ဘီလူးထွက်ထွက်၊ မျောက်ထွက်ထွက် လုပ်ကြရတာပဲ။” 

လယ်ယာသွင်းအားစုပစ္စည်းတွေဖြစ်တဲ့ ဓာတ်မြေဩဇာနဲ့ပိုးသတ်ဆေးကို ခါတိုင်းနှစ်မှာ သီးနှံပေါ်ပေးစနစ်နဲ့ ဝယ်ယူကြလို့ရပေမဲ့ အခုနှစ်မှာတော့ ဈေးမြင့်တဲ့အပြင် လက်ငင်းငွေချေ စနစ်နဲ့သာ ရောင်းချတော့တာဖြစ်လို့ အရင်းအနှီးမတတ်နိုင်တဲ့ တောင်သူလယ်သမားတွေအတွက် အခက်ကြုံနေကြရတာပါ။

ရွှေဘိုမြို့နယ် စိုက်ပျိုးရေးသွင်းအားစု အရောင်းဆိုင် တာဝန်ရှိသူတဦးက “မြေဆီနဲ့ တခြားစိုက်ပျိုးရေးဆေးတွေက ကျနော်တို့ ဝယ်ရတာကို ဈေးတွေတက်နေတာ တရုတ်ဘက်၊ ထိုင်းဘက်က ပစ္စည်းအဝင်နည်းလို့ ပြောတာပဲ။ ဓာတ်မြေဩဇာနဲ့ စိုက်ပျိုးရေးဆေးကုမ္ပဏီတွေကလည်း အရင်က သီးနှံပေါ်ပေး ဆိုင်ကို လာတင်တယ်။ အဲလိုဆိုတော့ ကျနော်တို့ကလည်း သီးနှံပေါ်ပေး ပေးနိုင်တာပေါ့။ အခု သူတို့ကလည်း လက်ငင်းစနစ်မှဆိုတော့ ကျနော်တို့လည်း အဲဒီလောက် ရင်းနှီးမြှုပ်နှံနိုင်တာ မဟုတ်ဘူးလေ၊ အဲဒါကြောင့် မပေးနိုင်တော့ဘူး။ ရှင်းရှင်းပြောရရင် နိုင်ငံရေး မတည်ငြိမ်မချင်း ဘယ်သူမှ လက်လွှဲ မပေးရဲကြတော့ဘူး” လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စပါးဈေး ကမောက်ကမဖြစ်တာ၊ အရောင်းအဝယ်သွက်လက်မှု မရှိတာနဲ့ သွင်းအားစုဈေးတွေ အဆမတန်မြင့်လာတာတွေကြောင့် လယ်သမားတွေ စပါးစိုက်ဖို့ အခက်အခဲကြုံနေကြတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နှစ်စဉ် မိုးစပါးစိုက်ဧက ၁၄ သန်းခွဲလောက် စိုက်ပျိုးပြီး စပါးတန်ချိန် ၁၉ သန်းခွဲခန့်အထိ ထုတ်လုပ်နိုင်ကာ စပါးထုတ်လုပ်မှုရဲ့ ၇၀ ရာခိုင်နှုန်းကျော်ကို မိုးရာသီမှာပဲ စိုက်ပျိုးထုတ်လုပ်တာ ဖြစ်ပါတယ်။

1 month Ago

August 9, 2021

ရွှေဘိုနယ်နှင့် ဒီပဲယင်းက လယ်သမားအချို့ မိုးစပါးစိုက်ပျိုးရန် အခက်ကြုံနေ

စစ်ကိုင်းတိုင်း၊ ရွှေဘိုနယ်နဲ့ ဒီပဲယင်းနယ် ကျေးရွာအချို့က လယ်သမားတွေဟာ စစ်ကောင်စီ တပ်တွေ တပ်စွဲပြီး ရွာအတွင်း ဝင်ရောက်ဖမ်းဆီးပစ်ခတ်နေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရပြီး မိုးစပါးစိုက်ပျိုးဖို့ အခက်အခဲကြုံနေကြတယ်လို့  သိရပါတယ်။

စစ်ကောင်စီတပ်တွေ ရွာမှာ တပ်စွဲထားတာကြောင့် လယ်သမားရော၊ အလုပ်သမားရော အခုချိန်အထိ ရွာကို မပြန်နိုင်ကြသေးဘူးလို့ ရွှေဘိုမြို့နယ်၊ ပလိုင်းဒေသခံ လယ်သမားတစ်ဦးက ပြောပါတယ်။ 

“ရွာရှိ လူဦးရေရဲ့ သုံးပုံတပုံပဲ ပြန်ကပ်နိုင်သေးတာ။ တချို့လည်း အလုပ်သမားကို အဝေးကလှမ်းခိုင်းရတာပေါ့၊ တချို့လည်း ဆွေမျိုးသားချင်းကို လွှဲထားခဲ့ရတာ။ ရွာက NLD ထောက်ခံသူ ၅ ဦးလောက်ဆိုရင် စစ်တပ်က စပါးစိုက်ခွင့်မပြုလို့ အခုချိန်အထိ စပါးစိုက်ဖို့ မပြင်ဆင်နိုင်သေးဘူး။ အငှားလုပ်တဲ့သူကလည်း လုပ်မပေးရဲကြဘူး။ တောင်သူတွေအတွက်တော့ အများကြီး အခက်အခဲဖြစ်တာပေါ့၊ တိမ်းရှောင်နေရတာနဲ့ အလုပ်လုပ်ချိန်မရဘူး။ သူတို့က မထင်ရင်မထင်သလိုပစ်သတ်နေတော့ ကြောက်ရတာပေါ့” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးပစ်ခတ်နေတာတွေကြောင့်  ဒီပဲယင်းနယ်က ကြည်ရွာ၊ မဲအိုး၊ ညောင်ကြီးကုန်း၊ လက်ယက်ကုန်း၊ မူးခတွင်း၊ ညောင်လှ၊ သရက်တော၊ ဝဲကြီး စတဲ့ကျေးရွာတွေအပြင် ရွှေဘိုနယ်က ပလိုင်း၊ ကွန်ဆိပ် စတဲ့ ကျေးရွာ ၂၀ လောက် လယ်ယာစိုက်ပျိုးရေးကို မလုပ်နိုင်ကြဘဲ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

1 month Ago
More News
Up