မိုးကြီးရေလျှံ

September 15, 2021

အိန္ဒိယနိုင်ငံအနောက်ပိုင်းတွင် မိုးကြီးရေလျှံပြီး လူ ၃ ဦးထက်မနည်း သေဆုံး

အိန္ဒိယနိုင်ငံအနောက်ပိုင်း၊ ဂူဂျာရတ်ပြည်နယ်မှာ မိုးကြီးလို့ အကြီးအကျယ် ရေလွှမ်းမိုးနေတဲ့ အတွက် စက်တင်ဘာ ၁၃ ရက်အထိ စာရင်းအရ လူ ၃ ဦးထက် မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံ မီဒီယာတွေက သတင်းထုတ်ပါတယ်။

စက်တင်ဘာ ၁၂ ရက်ကစတဲ့ မိုးကြောင့် ပြည်နယ်အတွင်း လူနေရပ်ကွက်တွေနဲ့ လမ်းတွေ ရေအောက် ရောက်နေပါတယ်။

မြေနိမ့်ပိုင်းမှာ နေတဲ့ ဒေသခံ ထောင်ချီကို ရေလွတ်ရာ ရွှေ့ပြောင်းခဲ့ရပြီး ရေထဲမှာ သောင်တင်နေတဲ့ ပြည်သူတွေကို ဆက်ပြီး ကယ်ဆယ်နေရတာပါ။

အိန္ဒိယရဲ့ လူဦးရေ ၁ ဒသမ ၃ ဘီလီယံမှာ  သုံးပုံ ၂ ပုံဟာ ကျေးလက်ဒေသမှာ နေထိုင်ပြီး စိုက်ပျိုးရေးကို အားကိုးနေရပါတယ်။

ဒါကြောင့် မုတ်သုံ မိုးရေချိန်ဟာ သူတို့အတွက် အရေးပါပေမယ့် မိုးကြီးလို့ ရေကြီးတာ မြေပြိုတာနဲ့ ရေကြောင့်ဖြစ်တဲ့ ရောဂါတွေလို ပြဿနာတွေကိုလည်း ကြုံရလေ့ ရှိပါတယ်။

လာမယ့်ရက်တွေမှာ ဆက်ပြီး မိုးကြီးနိုင်တယ်လို့ အိန္ဒိယ မိုးလေဝသဌာနက ဟောကိန်းထုတ် ထားပါတယ်။

1 month Ago
Up