မိုးကြီ

September 24, 2020

မိုးကြီး၍ မွန်ဘိုင်းမြို့ လမ်းများပေါ် ရေလွှမ်း

မိုးကြီးပြီး ရေလွှမ်းနေတာကြောင့် အိန္ဒိယနိုင်ငံရဲ့ဘဏ္ဍာရေးမြို့တော် မွမ်ဘိုင်းက လမ်းတွေပေါ်မှာ စက်တင်ဘာ ၂၃ ရက်က ယာဉ်ကြော ပိတ်ဆို့နေတယ်လို့ သိရပါတယ်။ မွမ်ဘိုင်းဒေသခံတွေဟာ တခါတရံ ခါးလောက်ထိ နက်တဲ့ရေထဲမှာ ရုန်းကန်သွားလာနေရပြီး ကားတွေလည်း တစိတ်တပိုင်း ရေမြုပ်ကုန်တယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။  မီးရထားလမ်းတွေလည်း ရေမြုပ်ကုန်လို့ မီးရထားဝန်ဆောင်မှု လုပ်ငန်းတွေ အနှောင့် အယှက်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။  အိန္ဒိယလူဦးရေ ၁ ဒသမ ၃ ဘီလီယံရဲ့ ၃ ပုံ ၂ ပုံဟာ ကျေးလက်ဒေသမှာနေပြီး စိုက်ပျိုးရေး လုပ်ငန်းကိုလုပ်ကိုင်နေတာကြောင့် နှစ်စဉ် မိုးရေချိန်ဟာ အသက်သွေးကြောလို အရေးပါပါတယ်။  ဒါပေမယ့် မိုးကြီးလို့ ရေကြီး မြေပြိုတာနဲ့ ရေကြောင့်ဖြစ်တဲ့ ရောဂါတွေရဲ့ ဒဏ်ကိုလည်း နှစ်စဉ် ခံနေရပါတယ်။ မွမ်ဘိုင်းမြို့ဟာ လောလောဆယ်မှာ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကူးစက်မှုကိုလည်း ရုန်းကန်ရင်ဆိုင်နေရပါတယ်။ တမြို့တည်းမှာ စက်တင်ဘာ ၂၂ ရက်ထိ အတည်ပြုလူနာအရေအတွက် ၁ သိန်း ၉ သောင်းနီးပါး ရှိနေပါတယ်။  အိန္ဒိယတနိုင်ငံလုံးမှာတော့ ကူးစက်ခံအတည်ပြုလူနာ ၅၇ သိန်း ၃ သောင်းကျော်ရှိနေပြီး ကူးစက်ခံသေဆုံးသူဦးရေ ၉သောင်း ၁ ထောင်ကျော် ရှိနေပါတယ်။   
8 months Ago

July 4, 2020

ဂျပန်နိုင်ငံတွင် မိုးကြီး မြေပြိုကျမှုကြောင့် ၂ ဦးသေ၊ ဒါဇင်ချီ‌ ပျောက်ဆုံး‌

ဂျပန်တောင်ပိုင်း ကူမာမိုတိုနဲ့ ကာဂိုရှီးမားပြည်နယ်တွေမှာ ညလုံးပေါက် မိုးကြီးခဲ့ပြီးနောက်  ဇူလိုင်လ ၄ ရက်မှာ  လူ ၂ ယောက် သေဆုံးပြီး ဒါဇင်ချီ ပျောက်ဆုံးနေတယ်လို့ TRT သတင်းမှာ ဖော်ပြပါတယ်။  ဆူနာဂီမာချီခရိုင်မှာ ရွှံမြေပြိုကျရာကနေ  ရုပ်အလောင်း နှစ်ခုကို တွေ့ရတယ်လို့ ကူမာမိုတို ပြည်နယ်ဘေးအန္တရာယ်စီမံခန့်ခွဲ့ရေး တာဝန်ရှိသူတဦးက ပြောဆိုပါတယ်။  တချို့ဒေသခံတွေဟာ  အိမ်ခေါင်မိုးပေါ်ကနေ ကယ်ဆယ်ရေး အကူအညီ စောင့်ဆိုင်းခဲ့သလို ဒေသခံ ခုနှစ်သောင်းခွဲကျော်ကို ဘေးလွတ်ရာပြောင်းဖို့ ညွှန်ကြားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။  NHK ရုပ်သံထုတ်လွှင့်ချက်မှာတော့ ကူမာမိုတိုပြည်နယ် ဟီတိုယိုရှီမြို့နေရာ အတော်များများ ရွှံရေတွေ လွှမ်းနေတာကို တွေ့ရပါတယ်။  ကူမာမြစ်ရေလျှံတာကြောင့်  ရေလွှမ်းပြီး  ကားအတော်များများဟာလည်း မှန်ပြတင်းတွေ အထိ နစ်မြုပ်နေတယ်လို့ TRT သတင်းမှာ ဖော်ပြထားပါတယ်။
10 months Ago
Up