မိုးကုတ် သူဌေး

December 4, 2020

မိုးကုတ် သူဌေး ၁ ဦးကို လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်က စံပြကိတ်မုန့်တိုက်ပိုင်ရှင် သူဌေး ဦးကျော်ဝင်းကို  လက်နက်ကိုင်အဖွဲ့တဖွဲ့က ဒီဇင်ဘာ ၄ ရက် မနက် ၉ နာရီဝန်းကျင်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဦးကျော်ဝင်းက ဒီမနက် ၈ နာရီလောက်မှာစျေးကို လာပြီး ဘူးသီးကျော်ဝယ်ကာ စျေးက​နေပြန်လမ်းလျှောက်လာရာ  သူ့ကားနားမှာ Surf ကား ခဲရောင်တစ်စီး ပေါ်က လူတွေက သေနတ်ထောက်ပြီး ဖမ်းခေါ်သွားတယ်လို့  ဒေသခံ တစ်ဦးက ပြောပါတယ်။ ဦးကျော်ဝင်းက ရုန်းရင်းဆန်ခတ်ဖြစ်တဲ့ထိရုန်းကန်ခဲ့ပြီး လူလတ်ပိုင်းသုံးယောက်လောက်က တွန်းတင်သွားတယ်လို့ဆိုပါတယ်။ ကားထဲမှာ လူအပြည့်ပါပြီး လူပုံစံတွေက ဝ ဝနဲ့ တရုတ်ပုံစံနဲ့တူတဲ့ လူတွေလို့လည်း မျက်​​မြင်ဒေသခံတွေက ပြောပါတယ်။  ကားပေါ်က ဒရိုင်ဘာ တစ်ယောက်ရယ် လူလတ်ပိုင်း သုံးယောက်ပါရှိပြီး လမ်းမြောက်ပိုင်းကို ဦးတည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။ ဦးကျော်ဝင်းကိုခေါ်ဆောင်သွားသူတွေဟာ ဘယ်အဖွဲ့ကလဲဆိုတာကို မပြောနိုင်သေးသလို လူစိမ်းဖြစ်တာလို့ပဲ သိရပါတယ်။  မြို့နယ်အုပ်ချုပ်ရေးမှူးကို ဆက်သွယ်မေးမြန်းရာမှာလည်း တိကျတဲ့အချက်အလက်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပြီး ဘာကြောင့်ဖမ်းသွားတာလဲဆိုတာကို မသိရသေးဘူး လို့ ပြောပါတယ်။ သတင်း - ဟန်နာထက်အောင်
4 months Ago
Up