မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ပိန်းပြစ်ရွာ ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအားလုံးဟာ ဇွန်လ ၇ ရက်နေ့က မိုးကုတ်မြို့မရဲစခန်းကို မိသားစုလိုက် တိမ်းရှောင် ပြောင်းရွှေ့သွားပါတယ်။
ရွာထဲက ကားတွေ ရသမျှငှားပြီး မိသားစုလိုက် ပြောင်းရွှေ့သွားကြတာဖြစ်တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
ရဲစခန်းမှာရှိတဲ့ ရဲအားလုံး တိမ်းရှောင်သွားကြပြီး စခန်းမှာ စစ်သားအနည်းငယ်နဲ့ ကင်းချထားတဲ့ စစ်သားတွေသာ ရှိတော့တယ်လို့ ဆိုပါတယ်။
မိုးကုတ်မြို့က အ.မ.က (၂၃) မူလတန်းကျောင်းမှာလည်း အကြမ်းဖက်စစ်အုပ်စုက တပ်စွဲထားပြီး အကြမ်းဖက်စစ်သားတွေက ပြည်သူတွေကို ဖမ်းဆီးတာ ဆက်တိုက် ပြုလုပ်နေသလို လမ်းတွေမှာလည်း တပ်ချစစ်ဆေးနေပါတယ်။
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ထဲက ရာနှုန်းပြည့် အာဏာဖီဆန် CDM လုပ်နေတဲ့ စာသင်ကျောင်းတကျောင်းရဲ့ ဝန်ထမ်းဆောင်တွေ မေ ၃၁ ရက်ညက မီးလောင်ခဲ့ပါတယ်။
ပန်လင်အထက်တန်းကျောင်းမှာ ည ၁၂ နာရီလောက်က ဝန်ထမ်းအိမ်ရာ မီးလောင်ကျွမ်းခဲ့ပြီး ရွာသားတွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ပေမဲ့ ဝန်ထမ်းအိမ်ရာ နှစ်ဆောင် မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘာကြောင့် မီးလောင်တယ် ဆိုတာနဲ့ ပျက်စီးဆုံးရှုံးမှုအခြေအနေကို မသိရသေးပါဘူး။