မိုးကုတ်ကျောက်မျက်လုပ်ကွက် တွင်းဟောင်း

July 13, 2020

မိုးကုတ်ကျောက်မျက်လုပ်ကွက် တွင်းဟောင်းထဲ ပြုတ်ကျပြီး လူ ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်အနောက်ပိုင်း ကျောက်စာတောင် ကျောက်မျက်တူးဖော်ရေး လုပ်ကွက်ဟောင်းမှာ ဇူလိုင် ၁၂ ရက် ညနေ ၃ နာရီလောက်က မြေတူးရာမှ တွင်းတူးလုပ်သား ၁ ဦး တွင်းဟောင်းထဲ ပြုတ်ကျ သေဆုံးခဲ့ပါတယ်။ တွင်းလုပ်သား ၂ ဦး ဟာ ပေ ၁၅၀ လောက်အနက်ရှိ တွင်းဟောင်းထဲ ပြုတ်ကျခဲ့တာဖြစ်ပြီး ကျင်းထဲ ပြုတ်ကျသွားသူကို ဆင်းကူတဲ့ လုပ်ဖော်ကိုင်ဘက်လည်း  ဒဏ်ရာရရှိခဲ့တယ်လို့  မိုးကုတ်လူမှုကယ်ဆယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဟိန်းထက်မောင်က ဒီဗွီဘီကို ပြောပါတယ်။  “မတော်တဆထိခိုက်မှုဖြစ်တယ်ဆိုလို့ ကျနော်တို့အဖွဲ့က ကူညီကယ်ဆယ်ရေး အဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ လုပ်ဆောင်ခဲ့တယ်။ ကျနော်တို့ရောက်သွားတော့ ပေ ၁၅၀ လောက်နက်တဲ့ ကျင်းထဲပြုတ်ကျနေတယ်။  သေဆုံးသွားတဲ့ တယောက်က ကျောက်တုံးကို သံတူရွင်းနဲ့တူးပြီးတော့ ပြုတ်ကျသွားတဲ့သဘောရှိတယ်။ ကျနော်တို့သူကို ဆွဲထုတ်တုန်းက အ သက်ရှင်နေသေးတယ်။  ဆေးရုံရောက်မှ ဆုံးသွားတာ။ နောက်တယောက်က သူ့ကိုကူညီကယ်ဆယ်ရင်းနဲ့ ဒဏ်ရာရသွားတာ ၊ ညာဘက်ပေါင်ကျိုးသွားတယ်ခင်ဗျ။” သေဆုံးသူမှာ အသက် ၄၀ နှစ်ရွယ်ရှိ ကိုဇော်နိုင် ဆိုသူဖြစ်ပြီး ဒဏ်ရာရသူက အသက် ၃၅ နှစ်ရှိ ကိုကျော်မင်းခိုင်ဖြစ်ကာ နှစ်ယောက်လုံးမှာ မိုးကုတ် ကသဲကျောက်ဆောင်ရွာသားတွေ ဖြစ်ကြပါတယ်။ မတော်တဆဖြစ်ပွါးတဲ့နေရာဟာ ကျောက်မျက်တူးဖော်ရေးကျင်းဟောင်းတစ်ခုဖြစ်ပြီး မိုး တွင်းကာလမှာ ကုမ္ပဏီက ကျောက်လုပ်ကွက်တွေ ရပ်နားထားကြောင်း သူတို့ နှစ်ဦးကတော့ အဲဒီနေရာမှာ ဘာသွားလုပ်သလဲဆိုတာတော့ အသေးစိပ်မသိရသေးပါဘူး။  မိုးကုတ်မြို့နယ်က မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ တာဝန်ရှိသူတွေ ပူးပေါင်းပြီး  ရှာဖွေ ကယ်ဆ ယ်ရေးလုပ်ခဲ့ကြပြီး ညနေ ၅ နာရီခွဲလောက်မှာ သေဆုံးသူနဲ့ ဒဏ်ရာရသူတို့ကို ကယ်ထုတ်နိုင်ခဲ့ကာ ပါရမီလူမူကူညီရေးအသင်းယာဉ်နဲ့ ကျပ်ပြင်တိုက်နယ်ဆေးရုံ ပို့ဆောင်ခဲ့ တယ်လို့ မီးသတ်တပ်ဖွဲ့က လည်းထုတ်ပြန်ထားပါတယ်။ ဓာတ်ပုံ- မိုးကုတ်ကယ်ဆယ်ရေးအဖွဲ့
12 months Ago
Up