မိုဟာမက်ဆာလက်

May 4, 2020

အသင်းပြောင်းမည့် သတင်းများကို ဆာလက် ငြင်းဆို

လီဗာပူးအသင်းရဲ့ အဓိကတိုက်စစ်မှူး မိုဟာမက်ဆာလက်က အသင်းကနေ ထွက်ခွာသွားနိုင်မလားဆိုတဲ့ မေးခွန်းကို ပြန်လည်တုံ့ပြန် ငြင်းဆိုသွားပါတယ်။ အင်စတာဂရမ်မှာလုပ်ခဲ့တဲ့ Sky Sport သတင်းဌာနရဲ့ အမေးအဖြေ အစီအစဉ်တခုမှာ ဆာလက်ရဲ့ ပုံနဲ့အတူ “ရောင်းမှာလား၊ ဆက်နေမလား” ဆိုတဲ့မေးခွန်းကို မေးမြန်းခဲ့ပြီး သတင်းဌာနမှာရှိတဲ့ ဖော်လိုဝါတွေရဲ့  သဘောထားကို စစ်တမ်းကောက်ပါတယ်။  ဒီမေးခွန်းကို ဆာလက်ကိုယ်တိုင်က ဝင်ရောက်ဖြေဆိုခဲ့ပြီး ရောင်းမှာလားဆိုတဲ့ မေးခွန်းကို ရယ်နေတဲ့  အီမိုဂျီသုံးခုနဲ့ တုံ့ပြန်ပယ်ချသွားပါတယ်။ ဆာလက်ဟာ သူ့နာမည်ကို လီဗာပူးအသင်းရဲ့ အရောင်းကစားသမားစာရင်းမှာ ထည့်သွင်းခဲ့တဲ့အပေါ်  စိတ်ရှုပ်ထွေးနေပုံလည်း ပေါ်ပါတယ်။  လီဗာပူးအသင်းအတွက် အကောင်းဆုံးခြေစွမ်းပြနေတဲ့ ဆာလတ်ကို ဥရောပထိပ်သီးကလပ် အသင်းတွေက ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ မကြာခဏဆိုသလို သတင်းထွက်ပေါ်ဖူးပါတယ်။  ဒါပေမဲ့ ဆာလက်ရဲ့အေးဂျင့်ဖြစ်သူကလည်း ဒီသတင်းတွေကို တွစ်တာကနေတဆင့် ပြန်လည်ငြင်းချက်ထုတ်ခဲ့ပြီး ကစားသမားရဲ့ လီဗာပူးအသင်းက အနေအထားကို ထောက်ပြတဲ့ ပို့စ်တွေကိုလည်း ပြန်တင်ခဲ့ပါတယ်။  အေးဂျင့် ရာမီအဘတ်က “၂၀၁၈-၁၉ ရာသီမှာ ဆာလက်ဟာ လီဗာပူးအသင်းရဲ့ ပရီးမီးယားလိဂ်၊  ချန်ပီယံလိဂ်ထိပ်တန်းဂိုးသွင်းရှင်တဦး ဖြစ်ခဲ့ပြီး ဒီရာသီမှာလည်း ဒီစံချိန်ကို ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင်  အသင်းကိုရောက်တဲ့ ၂၀၁၇ ခုနှစ်ကတည်းကနေ အခုချိန်အထိ ဆာလက်ဟာ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံးကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကိုလည်း လက်လွှတ်ရခြင်း မရှိသေးပါဘူး” လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။  ဆာလက်ဟာ ၂၀၁၇ ခုနှစ်မှာ ရိုးမားအသင်းကနေ လီဗာပူးအသင်းကို ရောက်ရှိလာခဲ့ပြီး အသင်းအတွက် ၁၄၄ ပွဲ ကစားပြီးချိန်မှာ ၉၁ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သူ ဖြစ်ကာ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တဦးအဖြစ် တည်ဆောက်နိုင်ခဲ့ပါတယ်။ အီဂျစ်လက်ရွေးစင်ကစားသမားဟာ လီဗာပူးအသင်းရဲ့ အောင်မြင်မှုတွေမှာ အဓိကကျတဲ့ နေရာကနေ ပါဝင်နေသူလည်း ဖြစ်ပါတယ်။
12 months Ago
Up