မိုဘိုင်းဖုန်း

April 21, 2016

ကမ္ဘာ့အသေးငယ်ဆုံး မိုဘိုင်းဖုန်း ထောင်တွင်းအကျဉ်းသားများကြား ရေပန်းစား

ကမ္ဘာ့အသေးငယ်ဆုံး မိုဘိုင်းဖုန်းဆိုတာ အံ့သြစရာ မဟုတ်ပေမယ့် အကျဉ်းထောင်တွင်းက အကျဉ်းသားတွေကြား ရေပန်းစားနေမှုကတော့ မယုံနိုင်စရာပါပဲ။ ဇန်ကိုဖလိုင်း (Zanco Fly) တံဆိပ် ဒီမိုဘိုင်းဖုန်းဟာ မျက်နှာပြင်အကျယ် ၀ ဒသမ ၆၆ လက်မလောက်သာ ရှိတာပါ။ ဒီအချက်က အကျဉ်းသားတွေရဲ့ ခန္ဓာကိုယ်ထဲက ဘယ်နေရာမှာမဆို ၀ှက်ထားလို့ရတာမို့ ကြိုက်နှစ်သက်မှု မြင့်တက်လာခဲ့တာလို့ မက်ထရိုသတင်းမှာ ဖော်ပြပါတယ်။ အွန်လိုင်းရောင်းဝယ်ရေး ဈေးကွက် အင်တာနက်စာမျက်နှာတခုဖြစ်တဲ့ အမေဇုန်မှာ “အလွန်သေးငယ်ပြီး ၀ှက်ထားရလွယ်ကူ” တယ်လို့ အညွှန်းတပ် ဖော်ပြခဲ့တာပါ။ တခြားရိုးရှင်းတဲ့ အကြောင်းပြချက်တခုကတော့ “တင်ပါးကြားမှာတောင် အလွယ်တကူ ညှပ်ထားလို့ရတယ်” လို့ ညွှန်းခဲ့တာပါ။ အကျဉ်းသားဟောင်းတဦးဖြစ်တဲ့ ကားလ်ကက်တာမိုးလ်ဟာ prisonism.co.uk အင်တာနက်စာမျက်နှာပေါ်မှာ ထောင်တွင်းမှ လွတ်မြောက်ရေး လမ်းညွှန်အစီအစဉ်ကို စတင်ဖန်တီးခဲ့သူတဦးဖြစ်ကာ “ထောင်တွင်း ဘယ်နေရာမှာမဆို မှောင်ခိုနည်းလမ်းတွေနဲ့ သွင်းလာတဲ့ ဖုန်းတွေ ရှိနေတယ်” လို့ ပြောပါတယ်။ “ထောင်ထဲမှာ အိုင်ဖုန်းလို မိုဘိုင်းဖုန်းတွေ တွေ့ရတယ်ဆိုတာ တော်တော်ရှားပါတယ်။ ဖုန်းအများစုကို လူ့ခန္ဓာကိုယ်ရဲ့ တင်ပါးကြား ဒါမှမဟုတ် တခြားနေရာတွေမှာ ထားလေ့ရှိကြတာမို့ အိုင်ဖုန်း 6+လို ဖုန်းတွေက အသုံးမ၀င်ပါဘူး။” ဒီ ဇန်ကိုဖလိုင်းတံဆိပ် မိုဘိုင်းဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီကတော့ သူတို့ရဲ့ထုတ်ကုန် ဖုန်းတွေကို အလွယ်တကူ သယ်ယူလို့ရအောင်သာ ထုတ်လုပ်ရောင်းချနေတာ ဖြစ်တယ်လို့ ပြောပါတယ်။
6 years Ago
Up