မိုဘိုင်းလ်ဖုန်း

A d v e r t i s e m e n t With Us

March 21, 2020

အစ္စရေးတွင် ဆိုင်ဘာစောင့်ကြည့်မှု ရပ်တန့်ရန် တက်ကြွလှုပ်ရှားသူများ တောင်းဆို

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု လျှော့ချရေး ကြိုးစားတဲ့ အရေးပေါ် စည်းကမ်းချက်တွေ အောက်မှာ မိုဘိုင်းလ်ဖုန်းတွေ စောင့်ကြည့်တာကို ရပ်တန့်ဖို့ အရပ်ဘက် လွတ်လပ်ခွင့် တက်ကြွလှုပ်ရှားသူတွေက အစ္စရေး တရားရုံးချုပ်ကို မတ် ၁၉ ရက်မှာ တောင်းဆိုလိုက်ပါတယ်။ မိုဘိုင်းလ်ဖုန်းကနေ သုံးစွဲသူရဲ့ တည်နေရာဆိုင်ရာ သတင်းအချက်အလက်ကို စောင့်ယူဖို့ ရှင်းဘတ် အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာနကို ကြီးကြပ်လုပ်ပိုင်ခွင့်ပေးဖို့ အစိုးရက လွှတ်တော်ကို အထူးအာဏာ အတည်ပြုပေးထားပါတယ်။ အရပ်ဘက် အခွင့်အရေးအသင်း အဒ်ဒါလာနဲ့ အာရပ်ပါတီများ ညွန့်ပေါင်းအသင်းတို့က မိုဘိုင်းလ်ဖုန်းကွန်ရက် စောင့်ကြည့်မှု ရပ်တန့်ရေး တရားရုံးမှာ အသနားခံခဲ့ကြပါတယ်။ “အစိုးရက ဥပဒေကိုကျော်ပြီး ခုလို အစွန်းရောက်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကို ကျူးလွန်ရင်း အရေးပေါ် အခြေအနေရဲ့ နောက်မှာ ပုန်းနေလို့ မရနိုင်ဘူး။ ဒါဟာ ကိုရိုနာ ကပ်ဘေးအောက်ကို မလျော့တဲ့ စည်းကျော်မှုပဲ” လို့ အဒ်ဒါလာက ကြေညာချက် ထုတ်ပြန်ပါတယ်။ လူအယောက် ၄၀၀ လောက်ဟာ ကိုရိုနာ ကူးစက်ခံတွေအနားမှာ ရှိနေတာ တွေ့ခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ အစ္စရေးမှာ ကိုရိုနာ ကူးစက်ခံ အတည်ပြုထားသူ ၅၂၉ ယောက်ရှိပြီ ဖြစ်ပေမယ့် လူတွေက အိမ်မှာပဲနေဖို့ တိုက်တွန်းချက်ကို မလေးစား မလိုက်နာရင် နိုင်ငံကို ပိတ်ချဖို့ အမိန့်ထုတ်မယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပြောပါတယ်။ လွှတ်တော်အမတ်တွေက တနင်္လာနေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီးပါပြီ။ နေတန်ယာဟုရဲ့ လက်ယာယိမ်း လစ်ကဒ်ပါတီနဲ့ သူ့အဓိကပြိုင်ဘက် ဘန်နီဂန့်ဇ် ဦးဆောင်တဲ့ ဗဟိုဝါဒီ ဘလူးအင်ဝှိုက်ပါတီတို့ကတော့ လွှတ်တော်ကော်မတီတွေ ဖွဲ့စည်းရာမှာ ထိပ်တိုက် တွေ့ခဲ့ပါတယ်။ အထူးသဖြင့် ဆိုင်ဘာစောင့်ကြည့်ရေး အပါအဝင်ကိစ္စတွေနဲ့ အငြင်းပွားခဲ့ကြတာပါ။
11 months Ago
Up