မိုဘိုင်းဖုန်း

July 27, 2019

လျှပ်စစ်မီတာ မိုဘိုင်းဖုန်းမှ စစ်ဆေးနိုင်မည့် AMI Meter စနစ် ထပ်မံတပ်ဆင်မည်

ရန်ကုန်တိုင်းဒေသကြီးမှာ မီတာသုံးစွဲသူကိုယ်တိုင် မိုဘိုင်းဖုန်းကနေ စစ်ဆေးနိုင်မယ့် AMI Meter စနစ်ကို ရန်ကုန်တိုင်းဒေသကြီးထဲက မြို့ နယ် ၄ မြို့ နယ်မှာ ထပ်မံတပ်ဆင်ဖို့ ဆောင်ရွက်နေတယ်လို့ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း ကပြောပါတယ်။ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းရုံးမှာ ဇူလိုင် ၂၅ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ထုတ်ပြန်ခဲ့တာပါ။ AMI မီတာစနစ်ကို ရန်ကုန်တိုင်းဒေသကြီးထဲက ဒေါပုံမြို့နယ်နဲ့  ပန်းဘဲတန်းမြို့ နယ်တို့မှာ Pilot Project အနေနဲ့ ဆောင်ရွက်ခဲ့ကာ ဆက်လက်ပြီး တောင်ဥက္ကလာပမြို့နယ်မှာ အကောင်အထည်ဖော်ဖို့ ဆောင်ရွက်နေတယ်လို့ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ထုတ်ပြန်ပါတယ်။ ဒီစနစ်ဟာ လျှပ်စစ်ဓာတ် အားသုံးစွဲရာမှာ မသမာမှုတွေ ပြုလုပ်တာ၊ ယူနစ်အပြည့်အဝ မတက်တာ၊ ဓာတ်အားပျောက်ဆုံးတာတွေကို လျော့နည်းပပျောက်နိုင်မယ်လို့ သိရပါတယ်။ ဒါ့အပြင် မီတာဘေလ်ကို ဖုန်းကတဆင့် စစ်ဆေးတာ ပေးဆောင်တာတွေလည်း ပြုလုပ်နိုင်ပါတယ်။ ရန်ကုန်တိုင်းမှာ ၂၀၁၈-၁၉ တနှစ်တာ ဓာတ်အားသုံးစွဲမှူယူနစ် သန်းပေါင်း ၉၂၃၃ ရှိပြီး ဓာတ်အားပျောက်ဆုံးမှူ ယူနစ်သန်း ၁၂၈၂ ရှိတဲ့အတွက် ယူနစ်ပျောက်ဆုံးမှူ ၁၃.၈၉ ရခိုင်နှုန်း ရှိပါတယ်။ AMI စနစ်ကို မြို့နယ် အားလုံးအတွက် စီမံချက် ပြီးဆုံးရင်တော့ ရန်ကုန်တိုင်းအတွင်း ဓာတ်အားပျောက်ဆုံးမှုကို ထက်ဝက်လျှော့ချနိုင်မယ်လို့ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ထုတ်ပြန်ပါတယ်။
2 years Ago

November 10, 2018

ခေါက်လို့ရသည့် မိုဘိုင်းဖုန်း ဆမ်ဆောင်း မိတ်ဆက် (ရုပ်သံ)

လူအများမျှော်လင့်စောင့်စားနေတဲ့ ခေါက်လို့ရတဲ့ မိုဘိုင်းဖုန်းကို ဆမ်ဆောင်းကုမ္ပဏီက နိုဝင်ဘာလ ၇ ရက်နေ့မှာ ပွဲထုတ်ပြသခဲ့ပါတယ်။ အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့မှာ နိုဝင်ဘာလ ၇ ရက်နေ့က ပြုလုပ်တဲ့  SAMSUNG DEVELOPERS CONFERENCE မှာ ခေါက်လို့ရတဲ့ ဖုန်းကို မိတ်ဆက်ပြသခဲ့သလို အဲဒီဖုန်းတွေမှာ အသုံးပြုနိုင်တဲ့ မိုဘိုင်းစကရင်မ် အသစ်ကိုလည်း ပြသခဲ့ပါတယ်။ ဒီခေါက်လို့ရတဲ့ ဖုန်းအတွက် အပ်ပလီကေးရှင်းတွေ ရေးပေးဖို့ အန်းဒရိုက် ပရိုဂရမ်မာတွေကိုလည်း တိုက်တွန်းထားပါတယ်။ “ဒီကနေ့ဟာ သမိုင်းမှတ်တိုင်ကြီးတခု စိုက်ထူတဲ့နေ့ဖြစ်ပါတယ်။ တကယ့်ဘ၀ကြီးဟာ ဘယ်လိုနေလဲ ဘယ်လို လှုပ်ရှားသွားလာနေလည်း အားလုံးသိချင်ကြမှာပါ။ အခု အဲဒါက ဒီနေရာကို ရောက်လာပါပြီ။ ဖွင့်လိုက်တဲ့အခါ စကရင်မ်အကြီးကြီးနဲ့ တက်ဘလက် တခုဖြစ်ပါတယ်။ သိပ်ကို မိုက်ပါတယ်။ အခု ပိတ်လိုက်ပြီ။ အိတ်ကပ်ထဲ ထည့်သယ်သွားလို့ရတဲ့ ဖုန်းတလုံးပါပဲ။ ကျေးဇူးတင်ပါတယ်။ ဒီကနေ့ အားလုံး ထုတ်ပြလိုက်ရင် ကျနော် ဒုက္ခရောက်သွားလိမ့်မယ်။ ဒါကြောင့်မို့ ဒီဇိုင်းနဲ့ ပတ်သက်တာလေးတွေကို ဒိုင်လျှိုလေး လုပ်ထားပါတယ်။ ဒါပေမယ့် ကျနော်တို့ ယုံကြည်ပါဗျ။ ဒီဖုန်းထဲက ပစ္စည်းလေးကို ခင်ဗျားတို့ လက်ဖျားခါသွားစေရမယ်။” လို့ ဆမ်ဆောင်း မိုဘိုင်းထုတ်ကုန် ဈေးကွက်ဖြန့်ချိရေးမှ  ဂျပ်စတင်ဒန်နစ်ဆင်က ပြောသွားပါတယ်။ ပုံမှန်အားဖြင့် တက်ဘလက်တို့ လက်ပ်တော့တို့နဲ့ လုပ်ဆောင်ရတဲ့ ရှုပ်ထွေးလှတဲ့ လုပ်ငန်းဆောင်တာတွေကို  ခေါက်လို့ရတဲ့ ဖုန်းတွေနဲ့ လုပ်ဆောင်နိုင်တယ်လို့လည်း သိရပါတယ်။
2 years Ago
Up