မိုနာလီဆာ

September 29, 2017

မိုနာလီဆာပန်းချီကားရှေ့ မဖွယ်မရာ သရုပ်ပြခဲ့သည့် အမျိုးသမီး ဖမ်းဆီးခံရ (ရုပ်သံ)

နာမည်ကျော် မိုနာလီဆာ ပန်းချီကားရှေ့မှာ အောက်ပိုင်းဗလာ အခြေအနေနဲ့ ပေါင်ကားပြီး မဖွယ်မရာပြုမူခဲ့တဲ့ အမျိုးသမီးတဦးကြောင့် လာရောက်လေ့လာကြတဲ့ ဧည့်သည်တွေဟာ အံ့အားသင့် ထိတ်လန့်ခဲ့ကြရပါတယ်။ ဒီအဖြစ်အပျက်ဟာ ပြင်သစ်နိုင်ငံ၊ ပဲရစ္စမြို့ လုဗ်ပြတိုက်တွင်းမှ နာမည်ကြီး ပန်းချီဆရာ လီယိုနာဒို ဒါဗင်ချီရဲ့ လက်ရာ ရှေးဟောင်းပန်းချီကားရှေ့မှာ ဖြစ်ခဲ့တာလို့ မေရာသတင်းတပုဒ်မှာ ဒီကနေ့ဖော်ပြပါတယ်။ ဒီဘိုရာ ဒီရောဘတ်တစ် အမည်ရတဲ့ အဲဒီအမျိုးသမီးဟာ ပါဖောမန့် အနုပညာရှင်တဦးဖြစ်ပြီး ပန်းချီကားရှေ့မှာ ပေါင်တွေကို ကားပြထားကာ “မိုနာလီဆာ၊ ကျမပစ္စည်း (မိန်းမအင်္ဂါ)၊ ကျမရဲ့ မူပိုင်ခွင့်” လို့ အော်ပြီး သရုပ်ပြလိုက်တာ ဖြစ်ပါတယ်။ ပြတိုက်တွင်း လာရောက်လေ့လာကြသူတွေဟာ ရုတ်တရက် အံ့အားသင့် ထိတ်လန့်သွားခဲ့ကြပြီး နောက်ပိုင်းမှာတော့ သူ့ကို ပြတိုက်လုံခြုံရေး ဝန်ထမ်းတွေက ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြပါတယ်။ အသက် ၃၃ နှစ်အရွယ် ပါဖောမန့် အနုပညာရှင်ဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း အလားတူ စတန့်မျိုး လုပ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ “ရည်မှန်းချက်က ကျမရဲ့ မိန်းမအင်္ဂါကို ထုတ်ဖော်ပြသဖို့ မဟုတ်ဘူးရှင့်။ ကျမပေးချင်တာက အနုပညာသမိုင်းမှာ အမျိုးသမီး အနုပညာရှင်တွေရဲ့ နေရာကို မေးခွန်းထုတ်ချင်တာ။ ဒါဟာ ဘာကြောင့်မို့ ပြတိုက်တွေမှာ ခုလိုသရုပ်ပြဖို့ လိုအပ်သလဲဆိုတာရဲ့ အဖြေပေါ့။” သူဟာ အများအလယ်မှာ လိင်ပိုင်းဆိုင်ရာ ထုတ်ဖော်ပြသမှု၊ အများပြည်သူ စိတ်အနှောင့်အယှက် ဖြစ်စေမှုတွေနဲ့ အမှုရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ လုံခြုံရေးအစောင့်တဦးကတော့ အမျိုးသမီးကို ဖမ်းဆီးချိန်မှာ သူ့ကို ရိုက်နှက်ခဲ့တယ်လို့ ပြောပါတယ်။ အရင်တုန်းက သရုပ်ပြမှုမှာလည်း သူ့ကို ဖမ်းဆီးခဲ့ပေမယ့် တရားသူကြီးက ဒါဟာ ရှေးတုန်းကလည်း ပြသခဲ့ဖူးတဲ့ အနုပညာစတန့်ပြမှုတခု ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြန်လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။
4 years Ago
Up