မိုဒရစ်

September 30, 2018

ကမ္ဘာ့ဖလားအပြီး အင်အားကုန်ခန်းသွားကြောင်း ရီးရဲလ်ကွင်းလယ်လူ မိုဒရစ် ပြော

ရီးရဲလ်မက်ဒရစ် ကွင်းလယ်ဖန်တီးရှင် လူကာမိုဒရစ်ဟာ ကမ္ဘာ့ဖလားအပြီးမှာ အားအင်တွေ လုံးဝကုန်ခန်းသွားခဲ့တယ်လို့ အင်တာဗျူးတခုမှာ ပြောကြားလိုက်ပါတယ်။ မိုဒရစ်ဟာ ကမ္ဘာ့ဖလားမှာ ခရိုအေးရှားအသင်းကို သမိုင်းဝင် ဒုတိယဆုရရှိအာင် ကြိုးပမ်းခဲ့တဲ့နေရာမှာ အဓိက ဦးဆောင်ခဲ့သူဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြီးတဲ့အချိန်မှာ မိုဒရစ်အတွက် ၃ ပတ်သာ အနားရခဲ့ပြီး ကလပ်အသင်းနဲ့ ပြန်လည်ပူးပေါင်းခဲ့တာဖြစ်ပါတယ်။ မိုဒရစ်က လက်ရှိအချိန်မှာ သူ့အတွက် အနားယူဖို့ အချိန်လိုအပ်နေပေမယ့်လည်း ပုံစံကောင်းပြန်ရဖို့ အစပျိုးနေပြီလို့ ဆိုပါတယ်။ ဖီဖာရဲ့ အကောင်းဆုံးအမျိုးသား ကစားသမားဆုရရှိထားတဲ့ မိုဒရစ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ပွဲစဉ်တွေမှာတော့ သာမန်ထက် ခြေစွမ်းကျဆင်းနေတာကြောင့် ပရိသတ်တွေရဲ့ စောင့်ကြည့်ဝေဖန်တာကို ခံနေရပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ဆီဗီလာအသင်းကို ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့သလို အဲဒီပွဲမှာ မိုဒရစ်ရဲ့ခြေစွမ်းဟာလည်း စိတ်ပျက်စရာကောင်းခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ရော်နယ်ဒို ထွက်ခွာသွားခဲ့တဲ့နောက်ပိုင်း နာမည်ကြီးကစားသမားတွေ ထပ်မံမခေါ်ယူဘ ဘင်ဇီမာ၊ ဘေးလ်၊ အယ်ဆန်ဆီရို၊ မိုရီယာနို၊ မိုဒရစ်တို့ရဲ့ ရုန်းအားတွေကို အဓိကထားပြီး ပြိုင်ပွဲတွေကစားဖို့ ဆုံးဖြတ်ထားခဲ့တာလည်း ဖြစ်ပါတယ်။
3 years Ago

September 25, 2018

မြန်မာနည်းပြနှင့်အသင်းခေါင်းဆောင်တို့ အကောင်းဆုံးကစားသမားဆုအတွက် မိုဒရစ်ကို မဲပေး

မြန်မာ့လက်ရွေးစင်နည်းပြနဲ့ အသင်းခေါင်းဆောင်တို့ဟာ ကမ္ဘာ့အကောင်းဆုံး ကစားမားဆုအတွက် လူကာမိုဒရစ်ကို မဲပေးခဲ့ပါတယ်။ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုအတွက် ဆန်ကာတင်သုံးဦး စာရင်းမှာ မိုဒရစ်၊ စီရော်နယ်ဒိုနဲ့ ဆာလက်တို့ ရွေးချယ်ထားတာပါ။ ဆန်ကာတင် ၃ ဦးကို လက်ရွေးစင်အသင်းနည်းပြတွေ၊ အသင်းခေါင်းဆောင်တွေနဲ့ ဖီဖာက ရွေးချယ်ထားတဲ့ မီဒီယာတွေက မဲပေးရွေးချယ်ခဲ့တာပါ။ မြန်မာ့လက်ရွေးစင်အသင်းနည်းပြ အန်တွန်နီဟေးနဲ့ အသင်းခေါင်းဆောင် ဇော်မင်းထွန်းတို့ဟာ အကောင်းဆုံးကစားသမားဆုအတွက် လူကာမိုဒရစ်၊ ဒုတိယဆုအတွက် ဟာဇက်နဲ့ တတိယဆုအတွက် ဂရစ်ဇ်မန်းတို့ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ မဲပေးမူရလဒ်အရ မိုဒရစ်ကပဲ မဲအားလုံးရဲ့ ၂၉ ဒသမ ဝ၅ ရာခိုင်းနူန်းရခဲ့ပြီး ၁၉ ဒသမ ဝ၈ ရာခိုင်နူန်းရတဲ့ စီရော်နယ်ဒိုကို ကျော်ဖြတ်ပြီး ရယူခဲ့တာ ဖြစ်ပါတယ်။ တတိယဆုကိုတော့ ဆာလက်က ၁၁ ဒသမ ၂၃ ရာခိုင်နူန်းနဲ့ရခဲ့ပြီး အမ်ဘာပေ၊ မက်ဆီ၊ ဂရစ်မန်း၊ ဟာဇက်တို့က အစဉ်လိုက် ရပ်တည်ခဲ့ပါတယ်။ အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီကတော့ အကောင်းဆုံးဆုအတွက် မိုဒရစ်ကို မဲပေးခဲ့ပြီး ပေါ်တူဂီ အသင်းခေါင်းဆောင် စီရော်နယ်ဒိုကတော့ ဗာရန်းကို မဲပေးခဲ့ပါတယ်။ အကောင်းဆုံး ကစာသမားဆုရခဲ့တဲ့ ခရိုအေးရှား အသင်းခေါင်းဆောင် မိုဒရစ်ကတော့ ဗာရန်း၊ စီရော်နယ်ဒိုနဲ့ ဂရစ်မန်းတို့ကို အစဉ်လိုက်မဲပေးခဲ့ပါတယ်။
3 years Ago

ဖီဖာရဲ့ တနှစ်တာ အကောင်းဆုံးဘောလုံးသမားဆု မိုဒရစ်ရရှိ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)ရဲ့  တနှစ်တာအတွက် အကောင်းဆုံးဆုတွေကို ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ မနေ့က အခမ်းအနားနဲ့ ပေးအပ် ချီးမြှင့်ရာမှာ အကောင်းဆုံး ဘောလုံးသမားဆုကို ခရိုအေးရှားနဲ့ ရီးရဲလ် ကွင်းလယ်ကစားသမား မိုဒရစ်က ရရှိသွားပါတယ်။ အကောင်းဆုံး ဘောလုံးသမားဆုအတွက် ဆန်ခါတင် ၃ ယောက်ဖြစ်တဲ့  ဂျုဗင်တပ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို၊ ရီးရဲလ်မက်ဒရစ် ကွင်းလယ်သမား မိုဒရစ်နဲ့ လီဗာပူးတိုက်စစ်မှူး ဆာလက်တို့ထဲကနေ မိုဒရစ်ကို ရွေးချယ်လိုက်တာပါ။ အသက် ၃၃နှစ်အရွယ် ကွင်းလယ်သမား မိုဒရစ်ဟာ ရီးရဲလ်ကို ၃ နှစ်ဆက်တိုက် ချန်ပီယံဖြစ်အောင် ကူညီထားတဲ့အပြင် ခရိုအေးရှားအသင်းကိုလည်း ပြီးခဲ့တဲ့ ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ဗိုလ်လုပွဲ အထိရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒီဆုပေးပွဲမှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုအပါအဝင် ဆုအမျိုးအစားပေါင်း ၈ မျိုးအထိ ပေးအပ်ရာမှာ ကမ္ဘာ့အကောင်းဆုံး အမျိုးသမီးဘောလုံးသမားဆုကိုတော့ ဘရာဇီး လက်ရွေးစင် ရှေ့တန်းကစားသမား မာတာက ရရှိသွားပါတယ်။ ကမ္ဘာ့အကောင်းဆုံး နည်းပြဆုကိုတော့ ခရိုအေးရှားကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ယူပြီး ကမ္ဘာ့ ဖလားချံပီယံဆု ရယူပေးခဲ့တဲ့ ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ ဒတ်စ်ချန့်က ရရှိသွားပါတယ်။ အီဂျစ် တိုက်စစ်မှူး ဆာလက်ကတော့ လီဗာပူးအတွက် ပြီးခဲ့တဲ့ရာသီမှာ အယ်ဗာတန်အသင်းဘက်ကို သွင်းတဲ့ ဂိုးနဲ့ အကောင်းဆုံးသွင်းဂိုးဆု ရရှိသွားပါတယ်။ ဖီဖာရဲ့ အကောင်းဆုံးပရိတ်သတ်ဆုကိုတော့ ပြီးခဲ့တဲ့ ရုရှားကမ္ဘာ့ဖလားဘောလုံးပွဲမှာ နိုင်ငံအသင်းအတွက် လာရောက်အားပေးခဲ့ကြတဲ့ ပီရူးပရိတ်သတ်တွေက ရရှိသွားပါတယ်။ ဓာတ်ပုံ-FIFA
3 years Ago
Up